CNI International News

ကိယက်ဗ်၊ ဧပြီ ၈

ရုရှားဂြိုဟ်တုများသည် အရှေ့အလယ်ပိုင်းဒေသရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် အရေးပါသော နေရာ များကို အသေးစိတ် ဓာတ်ပုံရိုက်ကူးမှုပေါင်း ဒါဇင်နှင့်ချီ ပြုလုပ်ခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေးအဖွဲ့က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန် တပ်ဖွဲ့များနှင့် အခြား ပစ်မှတ်များကို အီရန်က တိုက်ခိုက်ရာတွင် ကူညီပေးရန်အတွက် ရုရှားက ဂြိုဟ်တုများဖြင့် ကူညီပေးနေခြင်းဖြစ်သည်ဟု ယူကရိန်းထောက်လှမ်းရေးက ထုတ်ပြန်ခဲ့သည်။

ရိုက်တာသတင်းဌာနက လေ့လာခွင့်ရခဲ့သည့် အဆိုပါ ထုတ်ပြန်ချက်တွင် ရုရှားနှင့် အီရန် ဟက်ကာများသည် ဆိုက်ဘာနယ်ပယ်တွင်လည်း ပူးပေါင်းဆောင်ရွက်နေကြကြောင်း ဖော်ပြထားသည်။

ထိုအချက်အလက်များသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးနှင့် အမေရိကန်တို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီး နောက် ရုရှားက အီရန်ကို လျှို့ဝှက်ပံ့ပိုးမှုများနှင့် ပတ်သက်သည့် အသေးစိတ် အကျဆုံး ဖော်ပြချက်များ ဖြစ်သည်။

အီရန်အမျိုးသားအစောင့်တပ်ကိုတွေ့ရစဉ်

ယူကရိန်းထောက်လှမ်းရေး၏ လေ့လာချက်အရ ရုရှားဂြိုဟ်တုများသည် မတ်လ ၂၁ ရက်မှ ၃၁ ရက်အတွင်း အရှေ့အလယ်ပိုင်း ၁၁ နိုင်ငံရှိ နယ်မြေဒေသများကို ၂၄ ကြိမ်ထက်မနည်း ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ ထောက်လှမ်းရာတွင် အမေရိကန်နှင့် အခြား စစ်အခြေစိုက်စခန်းများ၊ လေဆိပ်များနှင့် ရေနံမြေများ အပါအဝင် ပစ်မှတ်ပေါင်း ၄၆ ခုကို လွှမ်းခြုံ စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ရုရှား၏ ဂြိုဟ်တုများဖြင့် ထောက်လှမ်းကြည့်ရှုပြီး ရက်ပိုင်းအတွင်းမှာပင် ထိုစစ်အခြေစိုက် စခန်းများနှင့် ဌာနချုပ် များသည် အီရန်၏ ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထိုဖြစ်စဉ်မှာ တိုက်ဆိုင်မှု မဟုတ်ဘဲ တိကျပြတ်သားသည့် လုပ်ဆောင်မှုပုံစံ တစ်ခုဖြစ်သည်ဟုလည်း ယူကရိန်း ထောက်လှမ်းရေးများက ယူဆထားသည်။

အီရန် ပစ်ချလိုက်တဲ့ အမေရိကန်တိုက်လေယာဉ်ကို တွေ့ရစဉ်

အနောက်နိုင်ငံများမှ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ခုနှင့် ဒေသတွင်း လုံခြုံရေး သတင်းရင်းမြစ် တစ်ခုတို့ ကလည်း အရှေ့အလယ်ပိုင်းဒေသတွင် ရုရှားဂြိုဟ်တုများ လှုပ်ရှားနေသည့် ထောက်လှမ်းရေး အချက်အလက်များ ရှိကြောင်းနှင့် ရုရှားသည် ၎င်းတို့ ရရှိထားသည့် ဓာတ်ပုံမှတ်တမ်းများကို အီရန်ထံ မျှဝေခဲ့ကြောင်း ရိုက်တာကို ပြောကြားခဲ့သည်။

ရုရှား၏ ထောက်လှမ်းမှုများအနက် ၉ ကြိမ်မှာ ဆော်ဒီနိုင်ငံ၏ နယ်မြေအချို့ကို လွှမ်းခြုံထားပြီး၊ ထို ၉ ကြိမ်အနက် ၅ ကြိမ်မှာ ဟာဖာအယ်လ်ဘာတင် (Hafar Al-Batin) မြို့အနီးရှိ ကင်းခါလစ် စစ်ဘက်ဆိုင်ရာမြို့(King Khalid Military City) ကို ထောက်လှမ်းခဲ့ခြင်းဖြစ်သည်။

ထောက်လှမ်းရသည့် ရည်ရွယ်ချက်မှာ အမေရိကန်ထုတ် THAAD လေကြောင်း ကာကွယ်ရေးစနစ်များ တပ်ဆင် ထားသော နေရာကို ရှာဖွေရန်ဖြစ်နိုင်ကြောင်း ယူကရိန်းထောက်လှမ်းရေးများက ပြောကြားခဲ့သည်။

တူရကီ၊ ဂျော်ဒန်၊ ကူဝိတ်နှင့် ယူအေအီးတို့ရှိ နယ်မြေအချို့မှာလည်း ရုရှားဂြိုဟ်တုများ၏ ထောက်လှမ်းခြင်းကို ၂ ကြိမ်စီခံခဲ့ရပြီး အစ္စရေး၊ ကာတာ၊ အီရတ်၊ ဘာရိန်းနှင့် အိန္ဒိယသမုဒ္ဒရာရှိ ဒီယေဂိုဂါးစီးယား (Diego Garcia) ရေတပ်အခြေစိုက်စခန်းတို့သည် ၁ ကြိမ်စီ ထောက်လှမ်းခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source: ရိုက်တာ