CNI International News

ဆာရာဂျေဗို၊ ဇွန်လ ၂၇

ဘော့စနီးယားနိုင်ငံမှ ဆာ့ဘ်ခေါင်းဆောင်က “အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် တကျော့ပြန် အာဏာပြန်ရမည်ဟု မျှော်လင့် ဆုတောင်းမိကြောင်းနှင့် ပူတင်ကို ချီးကျူးခဲ့ကြောင်း ဇွန်လ ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြထားသည်။

ထို့နောက် မီလိုရက်ဒိုဒစ်က ဆာ့ဘ်လူမျိုးများသည် ဘော့စနီးယားမှ ခွဲထွက်ရေးပန်းတိုင် လှမ်းကိုင်နိုင်ရန် သင့်လျော်မည့် ကမ္ဘာ့အခြေအနေကို စောင့်စားနေကြောင်း၊ မိမိနိုင်ငံ အခြေအနေမှာ ရေရှည် မတည်တံ့နိုင်သေးကြောင်း”  ပြောကြားခဲ့သည်ဟု အေပီက ဆက်လက် ရေးသားဖော်ပြသည်။

ဆာ့ဘ်ခေါင်းဆောင် မီလိုရက်ဒိုဒစ် (Milorad Dodik) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ယူကရိန်းသို့ ကျူးကျော်စစ် စတင်ပြီး ကတည်းက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည့် ရှားရှားပါးပါး ဥရောပ ခေါင်းဆောင်တစ်ဦးဖြစ် သည်။

မီလိုရက်ဒိုဒစ်သည် လွန်ခဲ့သော အနှစ် ၃၀ ကပင် သွေးထွက်သံယိုမှုများ ပြင်းထန်ခဲ့သည့် ဘော့စနီးယားပ ဋိပက္ခများနှင့် ပတ်သက်၍ အစည်းအဝေးတစ်ခု၌ အထက်ပါအတိုင်း သဘောထား မှတ်ချက်ပေးခဲ့သည်။

ဘော့စနီးယားနိုင်ငံတွင် ၁၉၉၂-၉၅ ခုနှစ်များအတွင်း စစ်ဒဏ် ခံစားခဲ့ရပြီး ယင်းပဋိပက္ခကို အမေရိကန် ကြားဝင်စေ့စပ်မှု မပြီးဆုံးမီအထိ လူပေါင်း ၁ သိန်းကျော် သေကြေပျက်စီးခဲ့ရသည်။

ဆာ့ဘ်ခေါင်းဆောင် မီလိုရက်ဒိုဒစ်နဲ့ ပူတင် (GETTY IMAGES)



အမေရိကန် စေ့စပ်မှုဖြင့် ပေါ်ပေါက်လာသော ဒေတန်သဘောတူညီချက် (Dayton Accords) ငြိမ်းချမ်းရေး စာချုပ်အရ ဘော့စနီးယား ဆာ့ဘ်နှင့် ဘော့စနီးယား ခရိုအေးရှားတို့ ပေါင်းစပ်၍ ဘော့စနီးယား-ခရိုအက် အဖွဲ့အစည်းများ ဖန်တီး ဖြစ်တည်လာခဲ့သည်။ ထိုအဖွဲ့အစည်းများတွင် ပူးတွဲသမ္မတအဖြစ် မီလိုရက်ဒိုဒစ်က တာဝန်ယူခဲ့သည်။

ယခုအခါ ယူကရိန်းသို့ ရုရှားကျူးကျော်စစ် ဂယက်သည် ဘော်လကန်ဒေသ နိုင်ငံများသို့ပါ မငြိမ်မသက် ပျံ့နှံ့သွားစေနိုင်သည် ဟူသော စိုးရိမ်မှုများကို နှိုးဆွပေးခဲ့သည်။ ဘော်လကန်ဒေသတွင် ဆလာဗစ်အနွယ်ဝင် ဆာ့ဘ်လူမျိုးများ (Slavic Serbs) ကြား၌ ရုရှားဩဇာက လွှမ်းမိုးနေဆဲဖြစ်သည်။

ဘော့စနီးယား ဆာ့ဘ်ခွဲထွက်ရေး ဦးဆောင်နေခဲ့သူ ဒိုဒစ်သည် ဆာ့ဘ်လူမျိုးများ အနေဖြင့် ဘော့စနီးယား၌ မိမိတို့ ကံကြမ္မာ အတွက် အရေးကြီးသော ဆုံးဖြတ်ချက်များ မကြာမီ ချမှတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထို့အတွက် ထရမ့်သည် အမေရိကန်ကို နောက်တစ်ကြိမ် ဦးဆောင်နိုင်ဖို့ မျှော်လင့်ဆုတောင်းမိကြောင်း ဒိုဒစ်က ထုတ်ဖော် ပြောကြားခဲ့သည်။

 

ဆာ့ဘ်ခေါင်းဆောင် မီလိုရက်ဒိုဒစ် (AP)



“သမိုင်းမှာ ပထမဆုံးအနေနဲ့ ဆာ့ဘ်တွေဟာ အချိန်တစ်ခုကို စောင့်နေပါတယ်။ ဒါ့အတွက် စိတ်ရှည်ရမယ်၊ အချိန်ကာလကို နားလည်ရမယ်။ ဥရောပနိုင်ငံတွေဟာ ပြည်တွင်းရေး ပြဿနာ ကိုယ်စီနဲ့ ရှုပ်ထွေးနေပါတယ်။ ဒေါ်နယ်ထရမ့် အမေရိကမှာ အာဏာပြန်ရပါစေလို့ ဘုရားသခင်ဆီမှာ ဆုတောင်းမိတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထရမ့်သည် ၎င်း၏ သမ္မတသက်တမ်းအတွင်း ဘော့စနီးယားနိုင်ငံ မတည်မငြိမ် ဖြစ်စေရန် ဆာ့ဘ်များ၏ လှုပ်ရှားမှုများအပေါ် ဆန့်ကျင်ပြောဆိုခြင်း လွန်စွာနည်းပါးခဲ့သည်။
ဂျိုးဘိုင်ဒန် သမ္မတ ဖြစ်လာပြီးနောက် ဒိုဒစ်သည် ဘော့စနီးယား နယ်မြေ ထက်ဝက်ခန့်ကို ခွဲခြမ်း၍ အိမ်နီးချင်း ဆားဘီးယား နှင့် ပူးပေါင်းရန် ကြွေးကြော်လာသဖြင့် အမေရိကန်နှင့်ဗြိတိန်တို့၏ ပူးပေါင်း ဒဏ်ခတ်ပိတ်ဆို့မှုကို ခံလိုက်ရသည်။

ဒိုဒစ်သည် ယခုလ အစောပိုင်းတွင် ရုရှားနိုင်ငံသို့ သွားရောက်၍ ဗလာဒီမာပူတင်နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ယင်းသို့ တွေ့ဆုံရခြင်း အတွက် မိမိဂုဏ်ယူကြောင်း ဇွန်လ ၂၆ ရက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“သူက ကျနော့်ကို တစ်ခွန်းပဲ ပြောတယ်ဗျ။ အဲဒါက သူ့ရဲ့မိတ်ဆွေကို ချန်ထားခဲ့မှာ မဟုတ်ဘူးတဲ့။ သူဟာ ကျနော်တို့ကို တစ်ခါမှ ဒုက္ခမပေးဖူးတဲ့ ရုရှားလူမျိုးတစ်ယောက်ပါပဲ” ဟု ဒိုဒစ်က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: AP