CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၁၆
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) သည် လာမည့် သီတင်းပတ်အတွင်း ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံ (United Nations General Assembly) အတွင်း အမေရိကန် အိမ်ဖြူတော်နှင့် လွှတ်တော်အဆောက်အအုံ (Capitol Hill) သို့ သွားရောက်ဖွယ်ရှိသည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ရုရှား၏ ကျုးကျော်မှုကို တွန်းလှန်တိုက်ခိုက်နေသည့် ယူကရိန်းအတွက် စစ်ရေးနှင့် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၂၄ ဘီလျံကို ထောက်ပံ့ပေးမည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ တောင်းဆိုချက်နှင့်ပတ်သက်ပြီး အမေရိကန် လွှတ်တော်တွင် အချေအတင် ငြင်းခုံဆွေးနွေးနေချိန်၌ ဇာလန်းစကီး၏ ခရီးစဉ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဇာလန်းစကီးသည် စက်တင်ဘာ ၂၁ ရက်တွင် အိမ်ဖြူတော်၌ ဘိုင်ဒန်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမည်မဖော် လိုသည့် အမေရိကန် အစိုးရအရာရှိတစ်ဦးက ပြောသည်။

ထို့ပြင် ဇာလန်းစကီးသည် အမေရိကန် လွှတ်တော် အဆောက်အအုံကိုလည်း သွားရောက်လိမ့်မည်ဟု လွှတ်တော် ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးများက အတည်ပြုခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြောနေစဉ်

ယူကရိန်းသမ္မတ ဇာလန်းစကီးသည် စစ်ပွဲဖြစ်ပွားနေချိန်အတွင်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ဝါရှင်တန်သို့ သွားရောက်ခဲ့ပြီး လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။

ထိုခရီးစဉ်သည် ရုရှား၏ ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ဇာလန်းစကီး၏ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်ခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း ဇာလန်းစကီးက ယူကရိန်းစစ်ပွဲအတွင်း အမေရိကန်မှ ကူညီပေးခဲ့သည့် ငွေကြေး အထောက်အပံ့သည် ပရဟိတသဘောမျိုး မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် ဒီမိုကရေစီအတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း အမေရိကန်လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့ချိန်၌ ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ အမေရိကန်သမ္မတ ဘိုင်ဒန်ကို တွေ့ရစဉ်

ဇာလန်းစကီး၏ အမေရိကန် ခရီးစဉ်နှင့်ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်း မရှိဘဲ Punchbowl News သတင်းဝက်ဘ်ဆိုက်က ပထမဆုံးအကြိမ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီကလည်း ဇာလန်းစကီး၏ ခရီးစဉ် အသေးစိတ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ထိုအချိန်အတောအတွင်း အမေရိကန် ဘဏ္ဍာရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနများကလည်း ယူကရိန်းအပေါ် ဆင်နွှဲသည့် ရုရှား၏ ကျူးကျော်စစ်နှင့် ပတ်သက်ဆက်နွှယ်သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်း ၁၅၀ ကျော်ကို ပိတ်ဆို့မှုအသစ်များ ချမှတ်ကြောင်း ကြေညာခဲ့သည်။

အမေရိကန်သည် ယူကရိန်းတွင် စစ်ပွဲဆင်နွှဲနေသည့် ရုရှားစစ်တပ်အတွက် ပစ္စည်းကိရိယာများ၊ နည်းပညာများကို ကူညီပေးနေသော ရုရှားစစ်တပ်၏ ထောက်ပံ့ရေးကွင်းဆက်အား ဆက်လက် ပစ်မှတ်ထား အရေးယူနေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက် ယယ်လန် (Jenet Yellen) က ပြောကြားခဲ့သည်။

Source: အေပီ