CNI International News

ပေကျင်း၊ စက်တင်ဘာ ၁၆

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူ (Li Shangfu)သည် လူမြင်ကွင်းကနေ သီတင်းပတ် အနည်းငယ်ကြာ ပျောက်ကွယ်နေသဖြင့် စုံစမ်းစစ်ဆေးခံနေရပြီး ရာထူးမှဖယ်ရှားခံရကာ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံ ထားရဖွယ်ရှိသည်ဟု အမေရိကန်မီဒီယာများကို ကိုးကားပြီး ရိုက်တာမှ ဖော်ပြခဲ့သည်။

အသက် ၆၅ နှစ်အရွယ် တရုတ်ကာကွယ်ရေးဝန်ကြီးလီ၏ သတင်းအစအန ပျောက်နေမှုသည် သီတင်းပတ် အနည်းငယ် ကြာမြင့်လာချိန်တွင် အနောက်နိုင်ငံများမှ သတင်းစာများ၏ ဖော်ပြချက်များကြောင့် စက်တင်ဘာ ၁၅ ရက်၌ ၎င်း၏ အခြေအနေနှင့်ပတ်သက်ပြီး သံသယများ ပိုမိုကြီးထွားလာခဲ့သည်။

လီသည် မကြာသေးမီ သီတင်းပတ်များအတွင်းက ဗီယက်နမ်၊ စင်္ကာပူ ကာကွယ်ရေးဝန်ကြီးများနှင့် ပြုလုပ်သည့် အစည်းအဝေးပွဲများကို တက်ရောက်ခဲ့ခြင်း မရှိကြောင်း၊ ထိုအကြောင်းအရာနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။

သြဂုတ် ၂၉ ရက်က ပေကျင်းတွင် အာဖရိကနိုင်ငံများနှင့် ပြုလုပ်ခဲ့သည့် လုံခြုံရေးဖိုရမ်တစ်ခု၌ ၎င်းကို နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

လီသည် အကျင့်ပျက်ခြစားမှုကြောင့် စုံစမ်းစစ်ဆေးခံနေရပြီး ရာထူးမှ ဖယ်ရှားခံရဖွယ်ရှိကြောင်း အမေရိကန်အရာ ရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြခဲ့သည်။

ထို့ပြင် Wall Street ဂျာနယ်ကလည်း လီသည် တာဝန်မှ ရပ်စဲခံရဖွယ်ရှိကြောင်း ဖော်ပြခဲ့ပြီး Financial Times သတင်းစာကမူ လီသည် စုံစမ်းစစ်ဆေးခံနေရသည်ဟု အမေရိကန်အစိုးရက ယူဆထားကြောင်း ဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ရာမ် အီမန်နျူရယ် (Rahm Emanuel) ကလည်း တရုတ်ကာကွယ်ရေး ဝန်ကြီး လီရှန်ဖူကို မမြင်တွေ့ရသည်မှာ သီတင်းသုံးပတ်ရှိပြီ ဖြစ်ကြောင်း၊ လီသည် ဗီယက်နမ် ခရီးစဉ်တွင် ထွက်ပေါ် မလာခဲ့ကြောင်း၊ လက်ရှိတွင်လည်း စင်္ကာပူ ရေတပ်အကြီးအကဲနှင့် တွေ့ဆုံရန် စီစဉ်ထားသည့် အစည်း အဝေးကို တက်ရောက်ရန် ပျက်ကွက်ခဲ့ကြောင်း၊ လီသည် နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံရထားခြင်း ဟုတ်၊ မဟုတ် မေးခွန်းထုတ်ရေးသားထားသည့် ပို့စ်တစ်ခုကို X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်မပေးခဲ့သလို ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ အမေရိကန်သံရုံးကလည်း ချက်ချင်း မှတ်ချက်မပေးခဲ့ပေ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မောင်းနင် (Mao Ning) ကလည်း လီသည် စုံစမ်းစစ်ဆေး ခံနေရခြင်း ဟုတ်/မဟုတ် မေးမြန်းခံရချိန်တွင် သူ့အနေနှင့် ထိုအကြောင်းအရာကို မသိရှိကြောင်း နေ့စဉ် ပြုလုပ်နေကျ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ဖြေကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (Qin Gang) သည်လည်း လူမြင်ကွင်းမှ သီတင်းပတ် အနည်းငယ်ကြာ ပျောက်ကွယ်ခဲ့ပြီးနောက် ဇူလိုင်လတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရကြောင်း၊ ယခုအခါ၌ လီနှင့်ပတ်သက်သည့် သတင်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လီနှင့် ချင် တို့သည် တရုတ်၏ သာမန်ဝန်ကြီးများထက် ပိုမိုအဆင့်မြင့်သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖွဲ့ဖြစ်သည့် အဖွဲ့ဝင် ၅ ဦးပါ နိုင်ငံတော်ကောင်စီဝင်များထဲတွင် ပါဝင်ခဲ့သည်။

Source: ရိုက်တာ