CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၇

ပီအက်စ်ဂျီ ကစားသမားဟောင်း ဒီယာလိုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အသင်းဖော် ဟမ်ရာအိုရီကို တိုက်ခိုက် မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေချိန်အတွင်းမှာ ပြန်လည် ဖမ်းဆီးခံခဲ့ရပါတယ်။

ဟမ်ရာအိုရီဟာ ဒီယာလို မောင်းနှင်လာတဲ့ ကားနဲ့ အဖွဲ့လိုက် စားသောက်ပြီး အိမ်ပြန်လာချိန်မှာ မျက်နှာဖုံးစွပ် အမျိုးသား ၂ ဦးက ကားပေါ်က ဆွဲချပြီး ခြေထောက်ကို သံတုတ်တွေနဲ့ ရိုက်နှက်ခဲ့တာပါ။

ပြင်သစ်ကွင်းလယ် ကစားသမား ၂ ဦးဟာ ပီအက်စ်ဂျီအသင်းမှာ ကစားတဲ့နေရာ တူညီနေတာကြောင့် အပြိုင် အဆိုင် ကြိုးစားနေကြရတာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိ ဒီယာလိုဟာ ဒီအဖြစ်အပျက် အပြီးမှာ ဖမ်းဆီး ခံခဲ့ရပေမယ့် စွဲချက် မတင်ခံရဘဲ ပြန်လည် လွှတ်မြောက်လာခဲ့တာပါ။

ဒါပေမယ့် အခုတစ်ခါမှာတော့ ဒီယာလိုကို ပြန်လည် ဖမ်းဆီးခဲ့ပါတယ်။

ဒီယာလိုကတော့ သူမဟာ ဒီအဖြစ်အပျက်မှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။ အခုအချိန် မှာတော့ ဒီယာလိုဟာ ကိုယ်ခန္ဓာ ထိခိုက်စေမှုစွဲချက်နဲ့ စုံစမ်းစစ်ဆေးခံနေရပြီး ယာယီထိန်းသိမ်းခံရထားပါ။

ဒီယာလိုဟာ တရားမဝင် ချုပ်နှောင်မှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ကြားနာမှုကို စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ဆက်နွယ်တယ်လို့ ယူဆရတဲ့ အမျိုးသား ၄ ဦးကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရ တာပါ။

ပြင်သစ်ကစားသမားဟာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံးပြီးနောက် မနှစ်က ရာသီအကုန်မှာ ထွက်ခွာခဲ့ပါတယ်။ အခု ပွဲတွေကနေ အနားယူထားတာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ ဟမ်ရာအိုရီဟာ ဒီတိုက်ခိုက်မှုကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပြီး သူမရဲ့ လက်မောင်းနဲ့ ခြေထောက်တို့ကို ချုပ်ခဲ့ရပါတယ်။ သူမဟာ အခုနှစ် အစောပိုင်းမှာ အသင်းထံ ပြန်လည် ရောက်ရှိ လာခဲ့ပြီး စာချုပ် ကျန်ရှိနေဆဲဖြစ်ပေမယ့် အခုအချိန်ထိ ပါဝင်ကစားရခြင်း မရှိသေးပါဘူး။

ဒီယာလိုဟာ ပြင်သစ်လက်ရွေးစင်အတွက် ၇ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူထားကာ ဟမ်ရာအိုရီကတော့ ပွဲပေါင်း ၃၉ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: BBC