CNI International News       

ဝါရှင်တန်၊ သြဂုတ် ၂၆

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်(Donald Trump)သည် ဂျော်ဂျီယာပြည်နယ်တွင် ရွေးကောက်ပွဲရလဒ် များကို ပယ်ဖျက်ရန် ကြံစည်မှုဖြင့် ဆက်နွှယ်သည့် စွဲချက် ၁၃ ခုနှင့်ပတ်သက်ပြီး  သြဂုတ် ၂၄ ရက်က ဖူလ်တန် (Fulton) ကောင်တီ အကျဉ်းထောင်သို့ သွားရောက်၍ ဖမ်းဆီးခံခဲ့သည်ဟု CBS News မှ ဖော်ပြခဲ့သည်။

အဆိုပါ ဖမ်းဆီးခံမှုသည် ထရမ့်အတွက် ယခုနှစ်အတွင်း စတုတ္ထအကြိမ်မြောက် ဖြစ်သော်လည်း ထရမ့်အား ပထမဆုံးအကြိမ်အဖြစ် ရဲမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကာ ထိုဓာတ်ပုံကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထရမ့်သည် ဖမ်းဆီးခံရပြီး တစ်နာရီ မပြည့်မီ အချိန်အတွင်းမှာပင် ပြန်လည်လွတ်မြောက်ခဲ့သည်။ ထို့နောက် ၎င်း၏ ကိုယ်ပိုင်လေယာဉ်ဖြင့် အတ္တလန္တာမြို့သို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

ထရမ့်၏ Save America PAC ရန်ပုံငွေ ရှာဖွေရေးအဖွဲ့ကမူ ထရမ့်အား ရိုက်ကူးခဲ့သည့် ရဲမှတ်တမ်းဓာတ်ပုံပါ တီရှပ်များကိုရိုက်ကူးပြီး CBS News သို့ အီးမေးလ်ဖြင့် ပေးပို့ခဲ့သည်။

ထရမ့် ကိုယ်တိုင်ကလည်း ၎င်း၏ ရဲမှတ်တမ်း ဓာတ်ပုံကို ယခင်က Twitter ဟု လူသိများခဲ့သည့် X လူမှုမီဒီယာနှင့် ၎င်း၏ကိုယ်ပိုင် Truth Social လူမှုမီဒီယာများတွင် ဖော်ပြခဲ့သည်။

ဖူလ်တန်ကောင်စီ အကျဉ်းထောင်ရှေ့မှာ လုံခြုံရေးများကိုတွေ့ရစဉ်

ထို့ပြင် ထရမ့်သည် သူ၏ ရဲမှတ်တမ်း ဓာတ်ပုံနှင့်တစ်ကွ "ရွေးကောက်ပွဲ ကြားဝင်စွက်ဖက်မှု" ၊ "ဘယ်တော့မှ အရှုံး မပေး" ဆိုသည့် စာသားများကိုပါ ရေးသားဖော်ပြခဲ့သည်။

ထရမ့်သည် လွှတ်တော်အဆောက်အအုံ စီးနင်းမှုအပြီး နှစ်ရက်အကြာဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့ နောက်ပိုင်း Twitter တွင် ပထမဆုံးအကြိမ်အဖြစ် ပို့စ်တင်ခဲ့ခြင်းလည်း ဖြစ်သည်။

ထရမ့်သည် မိနစ် ၃၀ ကြာ ဖမ်းဆီးခံခဲ့ရပြီးနောက် ဒေါ်လာ ၂၀၀,၀၀၀ အာမခံဖြင့် ခံဝန်ကတိ လက်မှတ်ရေးထိုး ကာ ပြန်လည်လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။

ခံဝန်ကတိ လက်မှတ်ရေးထိုးမှုအရ ထရမ့်သည် တရားလိုများ၊ အမှုတွဲများ၊ မျက်မြင်သက်သေများနှင့် ၎င်းအား စွပ်စွဲသူများကို ခြိမ်းခြောက်ခွင့် တားမြစ်ပိတ်ပင် ခံခဲ့ရသည်။

ထရမ့်သည် ပြန်လည် လွတ်မြောက် လာခဲ့ပြီးနောက် လေယာဉ်ပေါ်သို့ မတက်မီ သူနှင့် သူ့အမှုတွဲတွင် ပါဝင် သူများသည် မမှန်မကန် လုပ်ခဲ့ခြင်း မရှိကြောင်း၊ ယခုဖြစ်စဉ်သည် အမေရိကန်နိုင်ငံအတွက် ဝမ်းနည်းစရာ ကောင်းသည့် နေ့ရက်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

Source: CBS News