CNI International News

တိုင်ပေ၊ သြဂုတ် ၂၆

ထိုင်ဝမ်တွင် စစ်ပွဲအတွက် သတိရှိစေရန် တပ်လှန့်နှိုးဆော်သည့် လှုပ်ရှားမှုတစ်ခု အနေဖြင့် စစ်သားဟောင်း တစ်ဦးသည် စစ်ယူနီဖောင်း အပြည့်အစုံ ဝတ်ဆင်ပြီး ပလတ်စတစ် သေနတ်တစ်လက်ကို ကိုင်ဆောင်ကာ ထိုင်ဝမ်နိုင်ငံတစ်ဝန်း တစ်လကျော်ကြာ ခြေလျင်လှည့်လည် သွားလာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဇူလိုင်လက ထိုင်ဝမ်စစ်တပ်မှ ထုတ်ပယ်ခံခဲ့ရသည့် အသက် ၂၂ နှစ်အရွယ် စစ်သားဟောင်း တစ်ဦးဖြစ်သူ ဆိုင် (Tsai) အမည်ရှိ အမျိုးသားက သူ၏ ခြေလျင်လှည့်လည်သည့် ခရီးစဉ်သည် ပြည်သူ့ကာကွယ်ရေးအတွက် အများ ပြည်သူက သတိထားမိစေရန်နှင့် ထိုင်ဝမ်လူထုအကြား စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးပြီး သိမ်းယူ သွားမည်ဟု ခြိမ်းခြောက်ခဲ့ကာ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားများ တိုးမြှင့်ခဲ့သည်။ပြီးခဲ့သည့် သီတင်းပတ်ကလည်း တရုတ်သည် ထိုင်ဝမ် ဒုတိယသမ္မတ ဝီလျံလိုင်၏ ပါရာဂွေး ခရီးစဉ်အတွင်း အမေရိကန်သို့ ဝင်ရောက်ခဲ့မှုကို တုံ့ပြန်သည့် အနေဖြင့် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။ 

ထိုင်ဝမ်ပြည်သူများကို စစ်ပွဲအတွက် သတိထားရန် ဆိုင် လမ်းလျှောက်နှိုးဆော်နေစဉ်

ဆိုင်က "တရုတ်အနေနဲ့ အခုလို စစ်ရေးခြိမ်းခြောက်မှုတွေကို ဆက်တိုက် လုပ်ဆောင်နေမယ်ဆိုရင် အခြေအနေ မကောင်းနိုင်ဘူးဆိုတာကို ကျနော်တို့ သိပါတယ်။ လူထုအနေနဲ့ ပြင်ဆင်ထားစေချင်ပါတယ်။ လူထုအနေနဲ့ ရည်မှန်းချက်တစ်ခုနဲ့အတူ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထား စေချင်ပါတယ်"ဟု ထိုင်ဝမ်ကျွန်းတစ်ဝန်း ကီလိုမီတာ ၉၀၀ (မိုင် ၅၆၀) လမ်းလျှောက် လှည့်လည်ပြီးနောက် ကီးလန် (Keelung) ဆိပ်ကမ်းမြို့သို့ ရောက်ရှိလာချိန်တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

"ရန်သူက ဘယ်သူလဲဆိုတာကို လူတိုင်းက သိပါတယ်"ဟုလည်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။ 

ထိုင်ဝမ်၏ လူမှုမီဒီယာတွင် follower အများကြီးရှိသည့် ဆိုင်က သူ လှည့်လည် သွားရောက်ခဲ့သည့် နေရာတိုင်း တွင် သူ့ကို နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး အစားအသောက်များ ကျွေးမွေးခဲ့ကြောင်း၊ တချို့နေရာ ဒေသများတွင် တရုတ်နှင့် တင်းမာမှုများ မြင့်တက်နေသည့် အခြေအနေကို ဒေသခံများနှင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဆိုင်က သူ့အနေနှင့် လမ်းမများပေါ်တွင် မည်သည့်အချိန်အထိ လမ်းလျှောက် နေရမည်ဆိုခြင်းကို မသိကြောင်းနှင့် သူ့လှုပ်ရှားမှုကို ထိုင်ဝမ်ဒေသခံများအားလုံး မသိမချင်း လမ်းဆက်လျှောက် နေဦးမည်ဟု ပြောကြားခဲ့သည်။ 

"ဒါက အားလပ်ရက် အပန်းဖြေခရီး ထွက်နေတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို နှိပ်စက်ညှင်းပန်း နေသလိုပါပဲ။ အရမ်းလည်း ပင်ပန်းပါတယ်"ဟု ဆိုင်က ပြောကြားခဲ့သည်။

Source: ရိုက်တာ