CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၆

၂၀၂၆ ခုနှစ်တွင် တာဝန်ယူရမည့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို မြန်မာအနေဖြင့် စွန့်လွှတ်လိုက်သည်ဟု သတင်းထွက်ခဲ့ပြီးနောက် မည်သည့်အကြောင်းကြောင့် တာဝန်မယူနိုင်သလဲ ဆိုသည့်အပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။

မြန်မာသည် ၂၀၂၆ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို ပြည်တွင်းရေး ကိစ္စများကြောင့် အဆင်သင့်မဖြစ်၍ ၂၀၂၇ ခုနှစ်မှ ပြန်လည်တာဝန်ယူမည်ဟု ပြောကြောင်း ထိုင်းသတင်းဌာန တစ်ခုဖြစ်သော PBS က ဖော်ပြခဲ့သည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို မြန်မာအနေဖြင့် စွန့်လွှတ်လိုက်သည်ဆိုသော ကိစ္စကို နစကနှင့် အာဆီယံက အတည်ပြုရန် လိုအပ်သေးကြောင်း၊ ၂၀၂၆ ခုနှစ်အထိ ရွေးကောက်ခံအစိုးရတစ်ရပ် မပေါ်ပေါက်နိုင်ဘူးလားဟု မေးခွန်းထုတ်စရာ ရှိနေကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနကို ပြောသည်။

၂၀၁၄ ခုနှစ်က ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာက အိမ်ရှင်အဖြစ် အာဆီယံအစည်းအဝေးကို ကျင်းပခဲ့စဉ်

၎င်းက “အဲဒီသတင်း မှန်/မမှန်က အရေးကြီးတယ်၊ သတင်းလုပ်တဲ့လူကတော့ မယူနိုင်ဘူး။ ဘာကြောင့်ဆိုတာ သတင်းကို ရေးကြမှာ၊ ကျနော်ခုနက တင်ပြတဲ့ အချက်နှစ်ချက် မှန်လား။ မှန်ရင် ဘာကြောင့် မယူနိုင်တာလဲဆို တာကို အကျိုးအကြောင်း ဆက်စပ်ပြီး စဉ်းစားပြီးမှ အဖြေတစ်ခု ထွက်မှာကိုး။ အရင်ကာလ ပုံရိပ်တွေရှိတာကိုး၊ မဟာသီဟာကြောင့် ဗိုလ်ချုပ် ဦးသန်းရွှေ လက်ထက်မှာ အာဆီယံကို ဝင်ခဲ့တာကိုး၊ အဲဒီနောက် သူ့လက်ထက်မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ကို မယူခဲ့ဘူးလေ၊ ရွေးကောက်ခံ အစိုးရတစ်ရပ်ပေါ်တဲ့ ဦးသိန်းစိန် လက်ထက်ကြမှ ၂၀၁၅ လောက်မှာ ထင်တယ်၊ ၁၄၊ ၁၅ မှာ အာဆီယံဥက္ကဋ္ဌ ရာထူးယူပြီးမှ ကျနော်တို့ လွှတ်တော်ကာလတုန်းက ထင် တယ်၊ ကျင်းပလာတာကိုး အာဆီယံအစည်းအဝေး၊ ဒါကတော့ အာဆီယံအဖွဲ့ဝင် ဖြစ်ရင်တော့ ဒါကတော့ မလွှဲမရှောင်တာ လုပ်ရမယ့် ဝတ္တရားဖြစ်မှာပေါ့၊ ဒါပေသီ မြန်မာနိုင်ငံရဲ့ အနေအထားကို သုံးသပ်လို့တာ အဲဒီ ၂၀၂၆ ကို မေးခွန်းထုတ်ကြတာ ဖြစ်တယ်၊ SAC ရဲ့ အဖြေက လိုတာပေါ့၊ ဟုတ်ရဲ့လား၊ ဟုတ်ရင် SAC ရဲ့ ကာလ ၂၀၂၆ အထိ SAC ရဲ့ ကာလ အဲဒီအထိ ရှိဦးမှာလား၊ ရွေးကောက်ခံ အစိုးရတစ်ရပ် ပေါ်ပေါက်နိုင်ခြေ မရှိဘူးလားဆိုတာ အဲဒီလို မေးခွန်းမေးချင်လို့တာ အဲဒီ သတင်းကို ထုတ်တာ ဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်က အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်က အင်္ဂလိပ်အက္ခရာစဉ်အရ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးအတွက် အခွင့်အရေးရှိခဲ့သော်လည်း ပြည်တွင်းရေး ပြဿနာများကြောင့် တာဝန်ယူနိုင်ခဲ့ခြင်း မရှိဘဲ ၂၀၁၄ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ရောက်မှသာ တာဝန်ယူနိုင်ခဲ့သည်။

နေပြည်တော်အဝိုင်းပတ်ကိုတွေ့ရစဉ်

၂၀၂၆ ခုနှစ် မတိုင်မီ ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်ခြင်းအပေါ် မူတည် လိမ့်မည်ဖြစ်ကြောင်း အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေကတော့ ပုံမှန်အခြေအနေ မဟုတ်ဘူး။ ဆိုလိုချင်တာတော့ဗျာ အဲဒီ ၂၀၂၆ ခုနှစ်ကြရင် ကျနော်တို့ နိုင်ငံမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရတစ်ရပ် ပေါ်ထွန်းနိုင် မပေါ်ထွန်းနိုင်ဆိုတဲ့ အခြေခံအပေါ်မှာပဲ အာဆီယံမှာ အလှည့်ကျဥက္ကဋ္ဌအနေနဲ့ ပါဝင်ဖို့ အဆင်သင့်ဖြစ်ခြင်း၊ မဖြစ် ခြင်းကလည်း အဲဒီအပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ကျနော်တို့ကတော့ အဲဒီလိုပဲ နားလည်မှုရှိပါတယ်” ဟု ပြော သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်းများအရ ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

အာဆီယံအနေဖြင့် နစကလက်ထဲသို့ ဥက္ကဋ္ဌရာထူးအား အလွယ်တကူ ထည့်ပေးလိမ့်မည် မဟုတ်ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ကိုဗညားက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အာဆီယံအနေနဲ့ ဒီလောက်အထိ ဆိုးဝါးပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ကိုယ့်ရဲ့ ပြည်သူလူထု အပေါ်မှာ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အာဆီယံရဲ့ Chairman အဖြစ် ပေးမယ်ဆိုရင် ဒါအာဆီယံရဲ့ သမိုင်းကြောင်းပဲ၊ ဒါကတော့ အာဆီယံရဲ့ သမိုင်းကြောင်း ဖြစ်တဲ့အပြင် အာဆီယံရဲ့ မျက်နှာစာမှာလဲ ဒီမိုကရေစီ ငြိမ်းချမ်းမှုကို တည်ဆောက်မယ်ဆိုတဲ့ သဟဇာတဖြစ်မှုကို တည်ဆောက်မယ်ဆိုတဲ့ သူ့ရဲ့ ပဋိဉာဉ်က ဘယ်ကိုရောက်သွားပြီလဲဆိုတာ အာဆီယံတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆိုင်တဲ့အတွက် ကြောင့်မို့ အလွယ်တကူ စစ်အာဏာရှင် လက်ထဲကို အာဆီယံ Chairman ကိုတော့ ပေးမှာ မဟုတ်ဘူးဆိုတာ တော့ ကျနော်တော့ ပြောနိုင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံတော်အာဏာကို ရယူထားသော နစကအနေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲအပ်ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။