CNI International News

နီယာမေ၊ သြဂုတ် ၂၆

ပြည်ပနိုင်ငံများ၏ စစ်တပ်များမှ နိုက်ဂျာနိုင်ငံကို စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်လာပါက မာလီနှင့် ဘာကီနာဖာဆို စစ်တပ်များအား နိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုသွားမည်ဟု နိုက်ဂျာအာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာဟမ်မာနီ တီယာနီ (Abdourahamane Tiani) က ပြောကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

နိုက်ဂျာ၏ အမိမြေ ကာကွယ်ရေး အမျိုးသား လုံခြုံရေးကောင်စီ (National Council for the Safeguard of the Homeland) အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်ကြီး တီယာနီသည် နိုက်ဂျာ တိုက်ခိုက်ခံရပါက မာလီနှင့် ဘာကီနာဖာ ဆို နိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များကို နိုင်ငံအတွင်း ဝင်ခွင့်ပြုသည့် အမိန့်ကို လက်မှတ်ရေးထိုးခဲ့ သည်ဟု ANP သတင်းဌာနကလည်း ဖော်ပြခဲ့သည်။

သြဂုတ် ၂၄ ရက်တွင် နိုက်ဂျာ၏ အိမ်စောင့်အစိုးရ အကြီးအကဲ အလီ လာမီနီ ဇိုင်နီ (Ali Lamine Zeine) သည် မာလီနှင့် ဘာကီနာဖာဆို နိုင်ငံများမှ ဝန်ကြီးအဆင့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

မာလီနဲ့ဘာကီနာဖာဆို အာဏာသိမ်း ခေါင်းဆောင် ၂ ဦးကို တွေ့ရစဉ်

အဆိုပါ ကိုယ်စားလှယ်များကလည်း အကြမ်းဖက်မှုများနှင့် အစွန်းရောက်ဝါဒီများကို နိုက်ဂျာနှင့်အတူ ပူးပေါင်း တိုက်ခိုက်သွားရန် ဆန္ဒရှိကြောင်း အတည်ပြုခဲ့သည်။ 

နိုက်ဂျာ၊ မာလီနှင့် ဘာကီနာဖာဆို နိုင်ငံများမှ ကိုယ်စားလှယ်များသည် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုများကို တန်ပြန်ရန် ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ရာတွင် ပူးတွဲ စစ်ဆင်ရေးများနှင့် သတင်း အချက်အလက် မျှဝေသုံးစွဲရေးတို့ အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို တိုးမြှင့်ရန်လိုအပ်ကြောင်း အလေးထား ပြောခဲ့ကြသည်။

ထို့ပြင် နိုက်ဂျာ၊ မာလီနှင့် ဘာကီနာဖာဆို နိုင်ငံများသည် အကြမ်းဖက် တိုက်ခိုက်မှုများ သို့မဟုတ် ကျူးကျော်မှု များ ဖြစ်ပွားလာသည့် အချိန်တွင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လည်း သဘောတူညီခဲ့ကြ သည်ဟု ANP က ဖော်ပြခဲ့သည်။

Source: တာ့စ်