CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅

မြန်မာကျပ်ငွေ ကိုင်ထားသူများသည် နိုင်ငံခြားငွေ အပါအဝင် မော်တော်ယာဉ်များနှင့် ရွှေများဝယ်ယူ၍ ဈေးတက် အောင် လုပ်နေသည်ကို တွေ့ရသည့်အတွက် တည်ငြိမ်အောင် ကိုင်တွယ်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

စီးပွားရေးကော်မတီ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅ ရက်က ကျင်းပစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က အထက်ပါ အတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။

မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မိမိတို့ ကော်မတီအနေဖြင့် မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ နိုင်ငံ၏ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ဆောင်ရွက်သင့်သည်များကို အမြန်ဆုံး အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ Quick Win ဖြစ်မည့် လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်းများမြင့်တက်စေရန်အတွက် အချို့ဝိသမလောဘသမားများ၏ ဈေးကစားနေမှုများရှိကြောင်း၊ လုပ် ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ပြောသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့က စီးပွားရေး ကော်မတီ အစည်းအဝေး ကျင်းပနေစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ငွေကြေးဈေးကွက်ကို အဓိကကစားနေကြသူများမှာ ပြည်တွင်းကျပ်ငွေ၊ နိုင်ငံ ခြားငွေနှင့် ရွှေကိုင်ထားကြသူများက ဈေးကစားနေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားငွေ ကိုင်ထားသူများက ၎င်းတို့ နိုင်ငံခြားငွေ တန်ဖိုးတက်စေရန်၊ မြန်မာကျပ်ငွေကိုင်ထားသူများက ရွှေဝယ်၍ ရွှေဈေးတက်အောင် ဆောင်ရွက်နေ ကြသည်ကို တွေ့ရကြောင်း၊ အလားတူ မော်တော်ယာဉ်များ၏ ဈေးနှုန်းမှာလည်း ထိုက်သင့်သည့် ဈေးထက် များပြားနေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေများနှင့် ရွှေဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် မိမိတို့ ကော်မတီအနေဖြင့် စနစ်တကျ သုံးသပ်ကိုင်တွယ် ဆောင်ရွက်ရန်လိုတယ်”ဟု ပြောသည်။

လက်ရှိတွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၇၀၀ ရှိပြီး ရွှေဈေးမှာလည်း သိန်း ၃၀ ကျော်ရှိသည်။ ထို့နောက် ကားဈေးကွက်မှာလည်း ၂၀၂၁ ခုနှစ်၊ ဧပြီလက သိန်း ၃၀၀ ကျော်သာရှိသည့် ကားသည် ယခု သိန်း ၁၀၀၀ ကျော် ဖြစ်နေသည်။

နိုင်ငံခြားငွေ၊ ရွှေဈေးနှုန်း၊ ကားဈေးနှုန်းများ မြင့်တက်အောင် ဈေးကစားနေသူများထဲတွင် အာဏာပိုင် အဖွဲ့ အစည်း များထဲက တာဝန်ရှိသူများနှင့် နီးစပ်သူများ၊ ဆွေမျိုးများလည်း ပါနေသလို ငွေကြေးခဝါချသူများလည်း  ပါနေကြောင်း ဒေါ်လာ-ရွှေ-ကား ဈေးကွက်အတွင်းမှ ကြားသိရသည်။