CNI International News

ဟောင်ကောင်၊ သြဂုတ် ၂၅ 

တရုတ်အစိုးရသည် ပြည်ပနိုင်ငံများတွင် နေထိုင်သည့် အတိုက်အခံများကို ဖမ်းဆီးရေးအား တိုးမြှင့်ဆောင်ရွက်နေ သဖြင့် လာအိုနှင့် အရှေ့တောင်အာရှ နိုင်ငံများရှိ တရုတ်အစိုးရ အတိုက်အခံများသည် ဖမ်းဆီးခံရမည့် အန္တရာယ် နှင့် ရင်ဆိုင်နေရသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။ 

တရုတ်၏ လူသိများထင်ရှားသည့် လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်သူ လုစီဝေ (Lu Siwei) သည် ဇူလိုင်လ ကုန်ပိုင်းက လာအိုမှ ထိုင်းနိုင်ငံသို့ ရထားဖြင့် သွားရောက်ရန် ပြင်ဆင်နေချိန်တွင် လာအိုရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီးနောက် ၂၈ ရက်ကြာ ပျောက်ဆုံးနေခဲ့သည်။

သူသည် တရုတ်မှ ထွက်ပြေးလာခဲ့ပြီးနောက် လာအိုသို့ ရောက်ရှိခဲ့သည်။ ထို့နောက် လာအိုမှ ထိုင်းသို့ သွားရောက် ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ 

တရုတ်အစိုးရ အတိုက်အခံများကို တွေ့ရစဉ်

ထိုင်းသို့ ရောက်ရှိခဲ့မည်ဆိုပါက ဘန်ကောက်မှတစ်ဆင့် သူ့ဇနီးနှင့် သမီးဖြစ်သူ နေထိုင်သည့် အမေရိကန်သို့ သွားရောက်ရန် ကြိုးပမ်းခဲ့သော်လည်း လာအိုရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ဟောင်ကောင်တွင် တရုတ်၏ အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် လုသည် ဟောင်ကောင် ဒေသခံနှစ်ဦးနှင့်အတူ ပြည်ပသို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့ချိန်တွင်လည်း တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ရှေ့နေလိုင်စင် ရုပ်သိမ်းခံခဲ့ရသူ ဖြစ်သည်။ 

လာအိုတွင် တရားမဝင် ပြည်ဝင်ခွင့်စွဲချက်ဖြင့် ပြစ်မှုထင်ရှား တွေ့ရှိမည်ဆိုပါက လုသည် တရုတ်သို့ ပြန်လည် လွှဲပြောင်း ပို့ဆောင်ခံရနိုင်ပြီး တရုတ်သို့ ပြန်လည် ပို့ဆောင်ခံရမည်ဆိုပါက သူသည် ထောင်ဒဏ်ချမှတ် ခံရနိုင် သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည်။

Safeguard Defenders အဖွဲ့၏ ညွှန်ကြားရေးမှူး ပီတာဒါလင်ကို တွေ့ရစဉ်

လုကို ဖမ်းဆီးရမိခြင်း မရှိမီ တစ်လအလိုကလည်း တရုတ်အစိုးရ အတိုက်အခံ တစ်ဦးဖြစ်သူ ယန်းဇီဝေ (Yang Zewei) သည် လာအိုနိုင်ငံ ဗီယင်ကျင်း (Vientiane) မြို့တော်ရှိ ၎င်း၏ နေအိမ်မှ ရုတ်တရက် ပျောက်ဆုံးသွား ခဲ့သည်။ 

သို့သော် မကြာသေးမီက ယန်းသည် တရုတ်နိုင်ငံတွင် ပြန်လည် ပေါ်ထွက်လာခဲ့ပြီး အဖျက်အမှောင့် လုပ်ငန်း လုပ်ဆောင်မှုဖြင့် တရားစွဲဆို ခံခဲ့ရသည်ဟု တရုတ်အစိုးရ အတိုက်အခံများ ပျောက်ဆုံးမှုကို အနီးကပ် လေ့လာ စောင့်ကြည့်သည့် Safeguard Defenders အဖွဲ့က ပြောကြားခဲ့သည်။

လာအိုတွင် တရုတ်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ခြောက်ဦး ဖမ်းဆီးခံခဲ့ရပြီး အရှေ့တောင်အာရှနိုင်ငံများတွင် တရုတ်အတိုက်အခံ ၂၂ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု Safeguard Defenders အဖွဲ့၏ ညွှန်ကြားရေးမှူး ပီတာ ဒါလင် (Peter Dahlin) က ပြောကြားခဲ့သည်။

Source: Nikkei Asia