CNI International News

အော်စလို၊ စက်တင်ဘာ ၁၈

မြောက်ကိုရီးယားအနေနှင့် ရုရှားကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးမည်ဆိုသည့်တိုင် ယူကရိန်းစစ်ပွဲအပေါ် သိသိသာသာ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ကြောင်း အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာ့ခ် မီလေ (Mark Milley)က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ဗိုလ်ချုပ်ကြီး မာ့ခ် မီလေ (Mark Milley)သည် စက်တင်ဘာ ၁၆ ရက်က စတင် ကျင်းပနေသည့် နေတိုး အစည်းအဝေးကို တက်ရောက်ရန် နော်ဝေသို့ ရောက်ရှိလာချိန်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) တို့၏ အစည်းအဝေးတွင် မြောက်ကိုရီးယားက ရုရှားကို ဆိုဗီယက်ခေတ် ၁၅၂ မမ အမြောက် ကျည်ဆန်များ ထောက်ပံ့မည့် အစီအစဉ်အား ဆွေးနွေးခဲ့ဖွယ်ရှိသည်ဟု ဗိုလ်ချုပ်ကြီး မီလေက ပြောသည်။

သို့သော် မြောက်ကိုရီးယား အနေနှင့် ရုရှားကို အမြောက်ကျည်ဆန် မည်မျှထောက်ပံ့မည်ဆိုခြင်းနှင့် မည်သည့် အချိန်တွင် ထောက်ပံ့မည်သည်ကိုတော့ ရှင်းလင်းစွာ မသိရကြောင်း ၎င်းကဆိုသည်။

 ပူတင်နဲ့ ကင်မ်ကို တွေ့ရစဉ်

"မြောက်ကိုရီးယားရဲ့ လက်နက်တွေက စစ်ပွဲကို ပြောင်းလဲနိုင်ပါ့မလား။ ကျနော်ကတော့ သိပ်မထင်ပါဘူး။ အဲဒီ လက်နက်တွေဟာ စစ်ပွဲကို အဆုံးအဖြတ် ပေးနိုင်လိမ့်မယ်လို့ ကျနော် မထင်ပါဘူး" ဟု ဗိုလ်ချုပ်ကြီး မီလေက ပြောကြားခဲ့သည်။

ကင်မ်သည် ရုရှားကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးဖွယ်ရှိပြီး အပြန်အလှန်အားဖြင့် ခေတ်မီလက်နက်များ သို့မဟုတ် နည်းပညာကို ရုရှားထံမှ လက်ခံရယူဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

ဗိုလ်ချုပ်ကြီး မီလေနှင့် နေတိုးအဖွဲ့ဝင် နိုင်ငံများမှ ကာကွယ်ရေး အကြီးအကဲများသည် နော်ဝေနိုင်ငံ၏ ဟော်လ်မန်ကွန်လန် (Holmenkollen) နှင်းလျှောစီးမြို့တွင် ယူကရိန်းကို အထောက်အပံ့ ပေးရန်နှင့် အခြား ဒေသတွင်း ကာကွယ်ရေး ပြဿနာများအား ဆွေးနွေးရန် ရက်အနည်းငယ်ကြား အစည်းအဝေး ပြုလုပ်မည် ဖြစ် သည်။

ထို့မှတဆင့် ဗိုလ်ချုပ်ကြီး မီလေသည် ဂျာမနီနိုင်ငံတွင် စက်တင်ဘာ ၁၉ ရက်၌ ကျင်းပမည့် လစဉ်ပြုလုပ်နေကျ ယူကရိန်း ကာကွယ်ရေး ထိတွေ့ဆက်ဆံမှုအဖွဲ့ (Ukraine Defense Contact Group) အစည်းအဝေးကို တက်ရောက်မည် ဖြစ်သည်။

ထိုအဖွဲ့သည် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) ဦးဆောင်သည့် အဖွဲ့ဖြစ်ပြီး ယူကရိန်းကို စစ်ရေး အထောက်အပံ့များ တိုးမြှင့်ပေးရန်အတွက် အဓိကကျသည့် နိုင်ငံတကာ အဖွဲ့တစ်ခု ဖြစ် သည်။

Source: အေပီ