CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၁၂

အမေရိကန်နှင့် တရုတ်အကြား ဒရုန်းများကိုဖျက်သည့်  နည်းပညာပြိုင်ဆိုင်မှု မြင့်တက်နေပြီး ခေတ်သစ်စစ်ဆင် ရေးကို ပုံဖော်ရန် တစ်ဖက်နှင့်တစ်ဖက် ဒရုန်းများ အင်အားသာမှုရှိစေဖို့ ရည်ရွယ်ထားကြောင်း Asia Times မှ ဖော်ပြခဲ့သည်။

တရုတ်၏ တိုက်ရိုက် စွမ်းအင်အသုံးပြုသည့် ဒရုန်းဖျက် နည်းပညာသည် ခေတ်မီဆန်းသစ်လာပြီး စွမ်းအင်မြင့် သော မိုက်ခရိုဝေ့ဗ် စနစ်များကို ၂၀၂၄ ခုနှစ် ဇူဟိုင်းလေကြောင်းပြပွဲ (Zhuhai Airshow 2024) တွင် ပြသခဲ့သည် ဟု ယခုလအတွင်း The War Zone သတင်းဝက်ဘ်ဆိုက်က ယခုလအတွင်း ဖော်ပြခဲ့သည်။

ထိုစနစ်များအနက်တွင် နေရာရွှေ့ပြောင်းနိုင်သည့် မြေပြင်အခြေစိုက် စွမ်းအင်မြင့် မိုက်ခရိုဝေ့ဗ် တိုက်ရိုက်စွမ်းအား ပြင်း လက်နက် ၃ မျိုးပါဝင်သည်။

ထိုစနစ်များသည် ဒရုန်းများကို အဓိကပစ်မှတ်ထား ဖျက်ဆီးရန်အတွက် ထုတ်လုပ်ထားခြင်းဖြစ်သည်။

ဘီး ၈ ဘီး တပ်ဆင်ထားသည့် အပေါ့စား ကျည်ကာကားပေါ်တွင် တပ်ဆင်ထားသော မိုက်ခရိုဝေ့ဗ်စနစ်နှင့် Shacman SX2400/2500 ၈ ဘီးကားပေါ်၌ တပ်ဆင်နိုင်သည့် စနစ် အပါအဝင် China South Industries Group Corporation (CSGC) နှင့် Norinco ကုမ္ပဏီများက ထိုလက်နက်စနစ်များကို ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း The War Zone မှ ဖော်ပြခဲ့သည်။

အမေရိကန်နဲ့တရုတ် သမ္မတ ၂ ဦးကိုတွေ့ရစဉ်

ထိုစနစ်သစ်များ၏ စွမ်းဆောင်ရည် အတိအကျကို ရှင်းလင်းစွာ မသိရသေးသော်လည်း ထိုစနစ်များ ထုတ်လုပ်မှု နှင့် ဖြန့်ကြက်ချထားမှုသည် လေကြောင်းရန်ကို တုန့်ပြန်ရန် တရုတ်၏ မဟာဗျူဟာမြောက် အာရုံစိုက် လုပ်ဆောင်မှုကို ဖော်ပြရာရောက်ကြောင်း The War Zone က ရေးသားခဲ့သည်။

ထို့ပြင် အမေရိကန် ကြည်းတပ်သည်လည်း Coyote Block 2 လက်နက်များကို အသုံးပြုပြီး ကမ္ဘာတစ်ဝန်းရှိ စစ်ဆင်ရေးများအတွင်း ဒရုန်းအစင်း ၁၇၀ ခန့်ကို အောင်မြင်စွာ ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း The War Zone သတင်းဝက်ဘ်ဆိုက်က ယခုလအတွင်း ဖော်ပြခဲ့သည်။

အမေရိကန်သည် အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM)၊ အမေရိကန် အာဖရိကစစ်ဌာနချုပ် (AFRICOM) နှင့် အမေရိကန် ဥရောပစစ်ဌာနချုပ် (EUCOM) တို့ အပါအဝင် အမေရိကန်ပြင်ပရှိ အမည်ဖော်ပြမထားသည့် နေရာ ၃၆ နေရာတွင် Coyote Block 2 လက်နက်များကို  ဖြန့်ကြက်ချထားသည်ဟုဆိုသည်။

Raytheon ကုမ္ပဏီက ထုတ်လုပ်ခဲ့သည့် Coyote Block 2 ဒုံးလက်နက်သည် အလွန်ပေါက်ကွဲအား ပြင်းထန်သည့် ဒုံးကျည်ထိပ်ဖူး တပ်ဆင်ထားပြီး ဒရုန်းများကို အဓိကပစ်မှတ်ထား ဖျက်ဆီးရန် ရည်ရွယ် ထုတ်လုပ်ခဲ့ခြင်းဖြစ် သည်။

အမေရိကန်ကြည်းတပ်သည် ၂၀၂၉ ခုနှစ်တွင် Coyote Block 2 လက်နက်အသစ် ၆၇၀၀ နှင့် ဒုံးပစ်လောင်ချာများ၊ ရေဒါများကို တိုးမြှင့်ထုတ်လုပ်ရန် စီစဉ်နေကြောင်းလည်း The War Zone သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

Source: Asia Times