CNI International News
ဝါရှင်တန်၊ ဇူလိုင် ၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် မကြာသေးမီက သမ္မတအုပ်ချုပ်ရေးအမိန့်များကို ထုတ်ပြန်ခဲ့ရာတွင် တရုတ်၏ ဒရုန်းများကို တားဆီးနိုင်သော နည်းလမ်းများရှာဖွေရန် ပစ်မှတ်ထားသည့် အမိန့်များလည်း ပါဝင်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထရမ့်သည် တရုတ်နိုင်ငံလုပ် ဒရုန်းများကို အမေရိကန်၏ ကောင်းကင်ယံပေါ်တွင် ပျံသန်းနေမှုများအား ရပ်တန့် ရန် ရည်ရွယ်ခဲ့သော်လည်း ထိုလုပ်ဆောင်မှုသည် အချိန်နှောင်းသွားပြီ ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
တရုတ်၏ ဒရုန်းအချို့သည် အမေရိကန်၏ ကောင်းကင်ယံတွင် အလွန်မြင့်မားသည့် အမြင့်ပေများမှ ပျံသန်းခဲ့ပြီး ထောက်လှမ်းရ သို့မဟုတ် တားဆီးရ ခက်ခဲသည်ဟု ဆိုသည်။
ဇွန်လ ၆ ရက် လက်မှတ်ရေးထိုးခဲ့သည့် ထရမ့်၏ အုပ်ချုပ်ရေးအမိန့် ၃ ခုတွင် အမေရိကန်အစိုးရအနေဖြင့် ဒရုန်း များကို အမေရိကန်ကုမ္ပဏီများထံမှသာ ဝယ်ယူရန်၊ ဖက်ဒရယ်အေဂျင်စီများ အနေဖြင့် အမျိုးသားလုံခြုံရေး အတွက် တရုတ်ဒရုန်းများ အားလုံးကို စစ်ဆေးသုံးသပ်ရန် အပါအဝင် အိုလံပစ်နှင့် ဖက်ဒရယ် အဆောက်အအုံများ ကဲ့သို့သော အရေးကြီးသည့် နေရာများတွင် ဒရုန်းများ ပျံသန်းမှုကို တားမြစ်ရန် အစရှိသည့် အချက်များ ပါဝင်ခဲ့ သည်။
တရုတ်နိုင်ငံထုတ် ဒရုန်းများကို တွေ့ရစဉ်
ပြည်ပနိုင်ငံများ၏ သူလျှိုလုပ်မှုနှင့် တိုက်ခိုက်မှုများရန်မှ ကာကွယ်ရန် ထိုကဲ့သို့ စီမံချက်များ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ထရမ့်က ပြောကြားခဲ့သည်။
သို့သော် တရုတ်၏ ဒရုန်းများသည် နည်းပညာပိုင်းအရ ရှေ့ဆုံးသို့ ရောက်ရှိနေပြီး အချို့ဒရုန်းများသည် အမြင့်ပေ ၆ဝ,ဝဝဝ အထိ ပျံသန်းနိုင်ကြသည်။
ထိုအမြင့်ပေအရ တရုတ်ဒရုန်းများသည် ခရီးသည်တင် လေယာဉ်များ ပျံသန်းသည့် အမြင့်ပေထက် ၂ ဆနီးပါး အထိ ရောက်ရှိနေခြင်းဖြစ်သည်။
၂ဝ၂၃ ခုနှစ်ကလည်း တရုတ်၏ ကင်းထောက် မိုးပျံပူဖောင်းတစ်လုံးသည် အမေရိကန်၏ အလွန်မြင့်မားသည့် ကောင်းကင်ယံတွင် ပျံသန်းခဲ့သဖြင့် မြေပြင်မှ ပစ်ချရန် ခက်ခဲခဲ့ပြီး တိုက်လေယာဉ်ဖြင့် ပစ်ချခဲ့ရသည်။
အမြင့်ပေ အလွန်မြင့်မားသည့် နေရာမှ ပျံသန်းနေသည့် ဒရုန်းများကို မြေပြင်မှ သာမန်ကာကွယ်ရေး စနစ်များဖြင့် တားဆီးရန်ခက်ခဲပြီး ဒရုန်းအသေးစားများသည်လည်း ရေဒါဖြင့် ဖမ်းယူရခက်ခဲသဖြင့် တရုတ်ဒရုန်းများကို တားဆီးမည့် အစီအစဉ်သည် အလွန်ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: South China Morning Post