CNI International News

ဂျေရူစလင်၊ ဇူလိုင် ၈

အစ္စရေးစစ်တပ်က ယီမင်၏ ဟူရ်သီသူပုန်အဖွဲ့ ထိန်းချုပ်ထားသည့် နေရာများရှိ ဆိပ်ကမ်း ၃ ခုနှင့် ဓာတ်အားပေး စက်ရုံ တစ်ရုံတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အယ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

အစ္စရေးစစ်တပ်က ဟိုဒိုင်းဒါ(Hodeidah)၊ ရက်စ်အစ်ဆာ(Ras-Isa)နှင့် ပင်လယ်နီ ကမ်းရိုးတန်းပေါ်ရှိ အက်စ်-ဆာလစ်ဖ်(as-Salif )ဆိပ်ကမ်းများအပြင် ရက်စ်ကာသစ်(Ras Kathi) ဓာတ်အားပေး စက်ရုံကိုလည်း တိုက်ခိုက် ခဲ့သည်ဟု ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။

ဟူရ်သီတို့ သိမ်းပိုက်ထားပြီး ဟိုဒိုင်းဒါ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော Galaxy Leader သင်္ဘောပေါ်မှ ရေဒါ စနစ်ကိုလည်း ဗုံးကြဲခဲ့သည်ဟု ဆိုသည်။

သေဆုံးသူ အရေအတွက် မည်မျှရှိကြောင်း မသိရသေးပေ။

ဇူလိုင် ၆ ရက်က ယီမင်ကို အစ္စရေး၏ တိုက်ခိုက်မှုများသည် တစ်လနီးပါးအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး အစ္စရေး စစ်တပ်က ထိုတိုက်ခိုက်မှု မလုပ်ခင် နာရီပိုင်းအလိုတွင် ဟူရ်သီဘက်က ပစ်ခတ်လာသောဒုံးကျည်ကို ကြားဖြတ် ပစ်ချနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အစ္စရေးစစ်တပ် ဗုံးကြဲခဲ့တဲ့နေရာများကို တွေ့ရစဉ်

ယီမင်၏ လူဦးရေ အများဆုံး နေရာများကို ထိန်းချုပ်ထားသော ဟူရ်သီအဖွဲ့က ဇူလိုင် ၇ ရက် အစောပိုင်းတွင် အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်ပြီး လက်တုံ့ပြန် တိုက်ခိုက်ခဲ့သည်။

ယီမင်မှ ဒုံးကျည်နှစ်စင်း ပစ်ခတ်လာပြီး ထိုဒုံးကျည်များကို ကြားဖြတ်ပစ်ချရန် ကြိုးပမ်းခဲ့ကြောင်း အစ္စရေး စစ်တပ်က ဆိုသည်။

ဂျေရူစလင်၊ ဟီဘရွန်းနှင့် ပင်လယ်သေအနီးရှိ မြို့များတွင် လေကြောင်း တိုက်ခိုက်မှု သတိပေးသံ ထုတ်လွှင့်ခဲ့ သည်။

ဒုံးကျည်များကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ သို့မဟုတ် အပျက်အစီး မရှိကြောင်း အစ္စရေး အရေးပေါ်ဌာနက ထုတ်ပြန်ခဲ့သည်။

Source: အယ်ဂျားဇီးယား