CNI International News

အစ္စတန်ဘူလ်၊ ဇူလိုင် ၈

လက်နက်ကိုင်အဖွဲ့ဖြစ်သော ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Workers Party- PKK) နှင့် တူရကီအစိုးရကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တွန်းအားပေးရန်အတွက် တူရကီ၏ ကာ့ဒ်လိုလားသော DEM ပါတီက တူရကီသမ္မတ အာဒိုဂန် (Recep Tayyip Erdogan) နှင့် တွေ့ဆုံသွားမည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

တူရကီမီဒီယာ၏ ဖော်ပြချက်အရ PKK သည် ယခုသီတင်းပတ်တွင် အီရတ်ရှိ လက်နက်များကို စတင်လွှဲပြောင်း ပေးသွားမည်ဟု ဆိုသည်။

မေလက PKK ၏ လက်နက်ဖျက်သိမ်းမှု ဆုံးဖြတ်ချက်ကို လွယ်ကူချောမွေ့စေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ သော DEM ပါတီက ၎င်းတို့သည် ဇူလိုင် ၆ ရက်တွင် အကျဉ်းထောင်အတွင်းရှိ PKK ခေါင်းဆောင် အဗ္ဗဒူလာ အိုကာလန် (Abdullah Ocalan)နှင့် တွေ့ဆုံခဲ့သည်ဟု ပြောကြားခဲ့သည်။

“သမ္မတနဲ့ DEM ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုဟာ သမိုင်းဝင်ဖို့အတွက် အရေးပါတဲ့ လုပ်ဆောင်ချက် ဖြစ်တယ် လို့ အိုကာလန်က ပြောကြားခဲ့ပါတယ်”ဟု ပါတီက ထုတ်ပြန်ခဲ့သည်။

ကာ့ဒ်ခေါင်းဆောင်ပုံနဲ့အလံကို လွှင့်ထူထားကြစဉ်

PKK အဖွဲ့သည် ခွဲထွက်ရေးအတွက် တူရကီအစိုးရနှင့် နှစ်ပေါင်း ၄၀ ကျော် စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် မေလတွင် အဖွဲ့ကို ဖျက်သိမ်းရန်နှင့် လက်နက်ကိုင် တိုက်ခိုက်မှုများကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်။

ထို့နောက် PKK အဖွဲ့သည် လာမည့် ရက်ပိုင်းအတွင်း ၎င်းတို့၏ လက်နက်များကို စတင်လွှဲပြောင်း ပေးအပ်တော့ မည်ဟု အရာရှိများနှင့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

တူရကီသမ္မတ အာဒိုဂန်သည် DEM ပါတီ၏ ကိုယ်စားလှယ်အဖွဲ့နှင့် အန်ကာရာ (Ankara ) မြို့တော်တွင် တွေ့ဆုံမည်ဖြစ်ပြီး PKK အဖွဲ့၏ လက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ် အကြောင်းကို ဆွေးနွေးမည်ဖြစ်သည်။

PKK အဖွဲ့ခေါင်းဆောင် အိုကာလန်သည် ဖေဖော်ဝါရီလက အီရတ်နိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်သည့် ၎င်း၏ အဖွဲ့ကို ဖျက်သိမ်းရန်နှင့် လက်နက်များ လွှဲပြောင်းရန် လူသိရှင်ကြား တောင်းဆိုခဲ့ပြီးနောက် DEM ပါတီသည် သမ္မတအာဒိုဂန်၊ အခြားအစိုးရအရာရှိများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့သည်။

ထို့ပြင် တူရကီ၏ MIT ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲ အီဘရာဟင် ကာလင် (Ibrahim Kalin) သည် လည်း PKK အဖွဲ့၏ လက်နက်လွှဲပြောင်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး အီရတ်သမ္မတ၊ ဝန်ကြီးချုပ် အပါအဝင် အခြား ဝန်ကြီးများနှင့် ဆွေးနွေးရန် ဇူလိုင် ၈ ရက်တွင် ဘဂ္ဂဒက်မြို့တော်သို့ သွားရောက်မည်ဖြစ်သည်။

Source: ရိုက်တာ