CNI International News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၉

အနောက်အာဖရိကနိုင်ငံများမှ စစ်တပ်အကြီးအကဲများသည် နိုက်ဂျာအား စစ်ရေးအရ ကြားဝင်ရေးနှင့်ပတ်သက် ပြီး ဂါနာနိုင်ငံ၏မြို့တော် အက်ကရာ (Accra)တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

နိုက်ဂျာအရေးတွင် သံတမန်ရေးရာ အားထုတ်ကြိုးပမ်းမှုများ အောင်မြင်ခြင်းမရှိပါက နိုက်ဂျာစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် ဖြစ်လာနိုင်ခြေရှိသည့် အသေးစိတ် အစီအစဉ်များကို အနောက်အာဖရိကနိုင်ငံများမှ စစ်တပ် အကြီးအကဲများ ဆွေးနွေးခဲ့ကြသည်။

ဇူလိုင် ၂၆ ရက်က နိုက်ဂျာတွင် စစ်တပ် ခေါင်းဆောင်များသည် နိုက်ဂျာသမ္မတ မိုဟာမက် ဘာဇုမ်း (Mohamed Bazoum) ကို ဖြုတ်ချခဲ့သည်။

ထို့နောက် ကုလသမဂ္ဂနှင့် အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ (ECOWAS)က ဘာဇုမ်းအား အာဏာပြန်အပ်ရန် တောင်းဆိုခဲ့သော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်များက တောင်းဆိုမှုကို ငြင်းဆန်ခဲ့ သည်။

ထို့ကြောင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာခဲ့ပြီး ECOWAS က စစ်ပွဲအတွက် အသင့်ပြင်ဆင်ထားသည့် တပ်ဖွဲ့ကို ဖြန့်ကြက်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

နိုက်ဂျာ အာဏာသိမ်းခေါင်းဆောင်ကို တွေ့ရစဉ် 

အက်ကရာတွင် နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် အနောက်အာဖရိက စစ်ခေါင်းဆောင်များ၏ အစည်းအဝေးသည် သြဂုတ် ၁၈ ရက် ဂရင်းနစ်စံတော်ချိန် ညနေ ၄ နာရီတွင် အဆုံးသတ်ခဲ့သည်။ 

အနောက်အာဖရိက စစ်ခေါင်းဆောင်များသည် နိုက်ဂျာကို စစ်ရေးအရ ဝင်ရောက်နိုင်မည့် အခြေအနေအတွက် သယ်ယူပို့ဆောင်ရေးနှင့် အခြားလိုအပ်သည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်ဟု ထိုအစည်းအဝေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အင်အားသုံးဖြေရှင်းရေးသည် နောက်ဆုံးရွေးချယ်စရာအဖြစ် ကျန်ရှိနေဆဲဖြစ်ပြီး သံတမန်ရေး ကြိုးပမ်းမှုအားလုံး မအောင်မြင်ပါက အနောက်အာဖရိကနိုင်ငံများမှ လက်နက်ကိုင်တပ်ဖွဲ့များသည် စစ်ရေးအတွက် တာဝန် ထမ်းဆောင်ရန် အသင့်ရှိနေသည်ဟု ECOWAS ၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာမင်းကြီး အဗ္ဗဒယ် ဖာတူ မူရှာ (Abdel Fatau Musha) က အစည်းအဝေး စတင်သည့်် ပထမနေ့တွင် ပြောကြားခဲ့သည်။

နိုက်ဂျာ အာဏာသိမ်းမှုကို ထောက်ခံနေကြစဉ်

စစ်အာဏာသိမ်း ခေါင်းဆောင်များ အုပ်ချုပ်နေသည့် မာလီ၊ ဘာကီနာဖာဆို၊ ဂီနီနိုင်ငံများအပြင် သေးငယ်သည့် ကိပ်ဗာဒီ (Cape Verde) နိုင်ငတို့မှလွဲပြီး ECOWAS ၏ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် နိုင်ငံအများစုသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို စေလွှတ်ရန် ပြင်ဆင်နေကြသည်ဟု ၎င်းက ပြောသည်။

နိုက်ဂျာ အရေးနှင့်ပတ်သက်ပြီး စစ်ရေးအရ ကြားဝင်ဆောင်ရွက်မှုများသည် အနောက်အာဖရိကတွင် ဆင်းရဲ မွဲတေပြီး အစ္စလာမ်မစ် သောင်းကျန်းမှုများနှင့် ရင်ဆိုင်နေရသည့် ဆာဟယ်ဒေသ၏ အခြေအနေကို ပိုမိုဆိုး ရွားစေမည် ဖြစ်သည်။ 

ထို့ပြင် နိုက်ဂျာသည် ဆာဟယ်ဒေသတွင် အယ်ကိုင်းဒါ၊ အိုင်အက်စ်အဖွဲ့များနှင့် ဆက်နွှယ်မှုရှိသည့် အကြမ်းဖက် အဖွဲ့များကို တိုက်ခိုက်နေသည့် အနောက်နိုင်ငံများအတွက် အဓိကကျသည့် မဟာမိတ်နိုင်ငံတစ်ခု ဖြစ်သည့်အပြင် ယူရေနီယံနှင့် ရေနံများ ပေါကြွယ်ဝသဖြင့် အနောက်နိုင်ငံများမှ တပ်ဖွဲ့များအတွက် မဟာဗျူဟာမြောက် အရေး ပါသည့် နိုင်ငံဖြစ်သည်။

Source: ရိုက်တာ