CNI International News

အဘူဂျာ၊ သြဂုတ် ၇

အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့အစည်း (ECOWAS) က ဖမ်းဆီးခံထားရသည့် သမ္မတ မိုဟာမက် ဘာဇုမ်း (Mohamed Bazoum) ကို သြဂုတ် ၆ ရက်နေ့ နောက်ဆုံးထားပြီး အာဏာပြန်အပ်ရန် အာဏာသိမ်း ခေါင်းဆောင်များကို သတိပေးခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်ခဲ့သည်။

သမ္မတ ဘာဇုမ်းကို အာဏာပြန်မအပ်ပါက နိုက်ဂျာစစ်အစိုးရကို အင်အားသုံးပြီး ဆန့်ကျင်မည့် အစီအစဉ်ကို ဒေသ တွင်း ကာကွယ်ရေးအကြီးအကဲများက သြဂုတ် ၄ ရက်တွင် ကြေညာခဲ့သည်။ 

ထို့ကြောင့် နိုက်ဂျာတွင် အာဏာသိမ်းမှုကို အဆုံးသတ်စေရန်နှင့် ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းရန်အတွက် ဒေသတွင်း ကြားဝင်စေ့စပ်သည့် အားထုတ်ကြိုးပမ်းမှုများသည် မကြာမီအချိန်အတွင်း ပျက်ပြယ်သွားဖွယ်ရှိနေ သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာဟာမာနီ တီယာနီကို တွေ့ရစဉ်

ECOWAS ၏ ကိုယ်စားလှယ်အဖွဲ့သည် နိုက်ဂျာသို့ သွားရောက်ခဲ့သော်လည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာဟာမာနီ တီယာနီ (Abdourahamane Tiani) နှင့် တွေ့ဆုံခဲ့ခြင်းမရှိပေ။

အာဏာသိမ်းခေါင်းဆောင် တီယာနီသည် နိုက်ဂျာအား ဆန့်ကျင်သည့် မည်သည့် ရန်စမှုကိုမဆို ချက်ချင်း တုံ့ပြန်သွားမည်ဟု ကြေညာထားသည်။

ECOWAS အနေဖြင့် အနောက်အာဖရိကတွင် အာဏာသိမ်းမှုကို အင်အားသုံးဖယ်ရှားရန် ကြိုးပမ်းခြင်းသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်လာနိုင်သည်။ 

"ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နိုက်ဂျာမှာဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ စစ်ရေးအရ ကြားဝင်စွက်ဖက်မယ့် အခြေ အနေဟာ တကယ်ဖြစ်လာနိုင်ပါတယ်"ဟု ပထဝီနိုင်ငံရေးထောက်လှမ်းရေးကုမ္ပဏီ Oxford Analytica မှ အာဖရိကအရေး ကျွမ်းကျင်သူ နာသန်နီယယ် ပိုဝဲလ် (Nathaniel Powell) က ပြောကြားခဲ့သည်။ 

နိုက်ဂျာ အာဏာသိမ်းမှုကို ထောက်ခံနေကြသူများကိုတွေ့ရစဉ်

ECOWAS အနေဖြင့် စစ်ရေးအရ ဝင်ရောက်မှုကို သီးခြား လုပ်ဆောင်ဖွယ်ရှိနေပြီး မာလီ၊ ဘာကီနာဖာဆိုနှင့် ဂီနီ စစ်အစိုးရတို့ကမူ နိုက်ဂျာဘက်မှ ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည်။

ချဒ်နိုင်ငံ အပါအဝင် နိုက်ဂျာ၏ အခြားအိမ်နီးချင်း နိုင်ငံအချို့ကမူ နိုက်ဂျာ အာဏာသိမ်း ခေါင်းဆောင်များနှင့် ECOWAS အကြား ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းလျက်ရှိသည်။

ထိုကြားဝင်စေ့စပ်မှုများတွင် ECOWAS အဖွဲ့ဝင် မဟုတ်သည့် နိုက်ဂျီးရီးယားနှင့် လစ်ဗျားတို့လည်း ပါဝင်ခဲ့သည်။

Source: အေပီ