CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၁

အမေရိကန်အနေဖြင့် အစ္စရေးနှင့် ယူကရိန်းကို အထောက်အပံ့များ ချက်ချင်းပေးပို့သင့်သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် (Lloyd Austin) နှင့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) တို့က ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

အော်စတင်နှင့် ဘလင်ကင်တို့သည် အစ္စရေးနှင့် ယူကရိန်းအတွက် ဒေါ်လာ ၁၀၅ ဘီလျံတန်ဖိုးရှိ အရေးပေါ် အကူအညီများကို တောင်းဆိုသည့် အထက်လွှတ်တော် ကြားနာစစ်ဆေးမှုတွင် အထက်ပါအတိုင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။ 

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌသစ် မိုက်ဂျွန်ဆင်ကို တွေ့ရစဉ်

၎င်းတို့နှစ်ဦး၏ ပြောကြားချက်ကို အထက်လွှတ်တော်အား လွှမ်းမိုးထားသည့် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ် ကန် ပါတီဝင်အများစုက ထောက်ခံခဲ့သော်လည်း ရီပတ်ဘလစ်ကန်များ လွှမ်းမိုးထားသော အောက်လွှတ်တော် တွင်မူ သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့သည်။ 

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌသစ် မိုက် ဂျွန်ဆင် (Mike Johnson) က ယူကရိန်းကို ထောက်ပံ့မှုများအား ရပ်တန့်ပြီး အစ္စရေးကိုသာ ထောက်ပံ့ပေးရန် အာရုံစိုက်သင့်သည်ဟု အဆိုပြုခဲ့သည်။ 

ထို့နောက် အမေရိကန် အထက်လွှတ်တော်ဥက္ကဋ္ဌ ချက်ရှူမာ (Chuck Schumer) ကမူ အမေရိကန်သည် အမှန်တရားကို မျက်ကွယ်ပြုလို့ မရသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်သည် နည်းပေါင်းစုံနှင့် တိုက်ခိုက်ခံနေရကြောင်း ပြောကြားခဲ့သည်။

အမေရိကန် အထက်လွှတ်တော်ဥက္ကဋ္ဌ ချက်ရှူမာကို တွေ့ရစဉ်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရုရှားနိုင်ငံကို ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်စေရန် လုပ်ဆောင်နေချိန်တွင် ရီပတ်ဘလစ်ကန်များအနေနှင့် သတင်းအမှားများ ပျံ့နှံ့နေမှုအား စိစစ်သုံးသပ်သင့်သည်ဟုလည်း ရှူမာက ပြောကြားခဲ့သည်။ 

ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး လွှတ်တော်အတွင်း မေးမြန်းခံရချိန်တွင် အထက်လွှတ်တော်၏ ရီပတ်ဘလစ်ကန် ခေါင်းဆောင်  မစ်ချ် မက်ကွန်နဲလ် (Mitch McConnell) က ယူကရိန်းနှင့် အစ္စရေးကို စစ်ရေးအရ ညီတူမျှတူ ထောက်ပံ့ပေးသင့်ကြောင်း ပြောကြားခဲ့သည်။ 

Source: အေပီ