CNI International News

မနီလာ၊ ဇူလိုင် ၁၂

တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နှင့် တရုတ်အကြား ထိပ်တိုက်တွေ့မှုများ ရှိခဲ့သည့်အချိန်တွင် ဖိလစ်ပိုင် သည် ကြိုတင်ပြင်ဆင်မှုများကို လုံလောက်စွာ မပြုလုပ်ခဲ့ဘဲ အရဲစွန့်လုပ်ဆောင်မှုများ မရှိခဲ့ကြောင်း ဟောင်ကောင်ပို့စ်မှ ဖော်ပြခဲ့သည်။

သို့သော် လက်ရှိတွင် တရုတ်နှင့် ဖြစ်ပွားနေသည့် တင်းမာမှုများသည် ပိုမိုဆိုးရွားသော အခြေအနေသို့ ရောက်ရှိ လာပါက ဖိလစ်ပိုင်သည် တရုတ်တပ်ဖွဲ့များကို တိုက်ခိုက်ရန် ၎င်း၏ကာကွယ်ရေးစနစ်ကို အဆင့်မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုကဲ့သို့ ကာကွယ်ရေးကဏ္ဍ အဆင့်မြှင့်တင် မွမ်းမံမှု အစီအစဉ်များထဲတွင် တိုက်လေယာဉ်များ၊ အသံထက်မြန် သည့် စူပါဆောနစ်ဒုံးကျည်များ၊ ရေငုပ်သင်္ဘောများ ဝယ်ယူသည့် အစီအစဉ်များ ပါဝင်ခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုမှုများနှင့် ဗိုလ်ကျစိုးမိုးမှုများက ဖိလစ်ပိုင်အစိုးရကို ကြီးမားသည့် ပဋိပက္ခတစ်ခုအတွက် ပြင်ဆင်စေရန် လှုံ့ဆော်ရာရောက်ခဲ့သည်။

မကြာသေးမီက တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရေတပ်၏ နှောင့်ယှက်မှုများကြောင့် ဖိလစ်ပိုင်သင်္ဘောအချို့ ထိခိုက်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမူ တရုတ်နှင့် ဖိလစ်ပိုင်အကြား တင်းမာမှုများကို လျှော့ချရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် သဘောတူညီမှု ရရှိခဲ့သည်။

မည်သို့ပင်ဆိုစေ တရုတ်သည် ဖိလစ်ပိုင်သင်္ဘောများကို ထိခိုက်စေရန် မီးသတ်ပိုက်များ အသုံးပြုခြင်း၊ သင်္ဘော ချင်း ဝင်တိုက်ခြင်း အစရှိသည့် နည်းဗျူဟာများကိုသာ ဆက်လက် ကျင့်သုံးနေသည်။

တရုတ်သင်္ဘောများသည် ဖိလစ်ပိုင်၏ ရေပြင်နယ်နိမိတ်များအတွင်း ဝင်ရောက်ပြီး ငါးဖမ်းခြင်း၊ ကင်းလှည့်ခြင်းတို့ ပြုလုပ်ခဲ့ကာ မကြာသေးမီကလည်း ဖိလစ်ပိုင်က ၎င်း၏ အထူးစီးပွားရေးဇုန်ဟု သတ်မှတ်ထားသည့် Second Thomas သောင်ခုံအနီးတွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ အကြီးဆုံးသင်္ဘောကို ကျောက်ချရပ်နားခဲ့သည်။

ထိုအခြေအနေများကြောင့် ဖိလစ်ပိုင်သည် အမေရိကန်၏ F-16 နှင့် ဆွီဒင်၏ JAS-39 ကဲ့သို့ ဘက်စုံသုံး တိုက် လေယာဉ်များကို ဝယ်ယူရန်အတည်ပြုခဲ့ပြီး ကာကွယ်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ပြင်ဆင်လာခဲ့သည်။

ထို့ပြင် ဖိလစ်ပိုင်သည် အိန္ဒိယထံမှ BrahMos စူပါဆောနစ် ခရုဇ်ဒုံးကျည်များကိုလည်း ဝယ်ယူရရှိခဲ့ပြီး ထိုဒုံးကျည် များသည် ကမ်းရိုးတန်းတွင် တပ်ဆင်နိုင်ကာ သင်္ဘောဖျက်စနစ်ပါဝင်ပြီး ကီလိုမီတာ ၂၉၀ အထိ ပစ်ခတ်နိုင်သည်။

ထိုဒုံးကျည်များသည် ဖိလစ်ပိုင်၏ ကမ်းရိုးတန်း လုံခြုံရေးစနစ်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

ထို့ပြင် ဖိလစ်ပိုင်အစိုးရသည် ဖိလစ်ပိုင် ရေပြင်များအတွင်းသို့ တရုတ်သင်္ဘောများ မကြာခဏ ဝင်ရောက်မှုကို တားဆီးနိုင်ရန် ရေငုပ်သင်္ဘောများ ဝယ်ယူရေးကိုလည်း အတည်ပြုခဲ့သည်။

Source: ဟောင်ကောင်ပို့စ်