CNI International News

ဝါရှင်တန်၊ ဇူလိုင် ၁၂

ယူကရိန်းသည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရန် လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံစလုံးက ဇူလိုင် ၁၀ ရက်တွင် တရားဝင် ကြေညာခဲ့သည်။

သို့သော်လည်း ရုရှားနှင့် ဖြစ်ပွားနေသည့် စစ်ပွဲ အဆုံးသတ်မှသာ အဖွဲ့ဝင်ဖြစ်ရေး လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်နိုင်လိမ့်မည်ဟု နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံစလုံးက ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန် (Washington) မြို့တော်တွင် ပြုလုပ်ခဲ့သည့် နေတိုးအစည်းအဝေး၌ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံချင်းစီက ထုတ်ပြန်သည့် ကြေညာချက်များနှင့် ပူးတွဲကြေညာချက် တစ်စောင်တွင် ယူကရိန်း၏ ကာကွယ်ရေးကဏ္ဍကို မြင့်တက်စေမည့် အစီအစဉ်များကို ကြေညာခဲ့သည်။

ထိုအစီအစဉ်များထဲတွင် အမေရိကန်၊ နယ်သာလန်နှင့် ဒိန်းမတ်နိုင်ငံများက ယခုနှစ် နွေရာသီ၌ ယူကရိန်းထံ နေတိုးက ပထမဆုံးထောက်ပံ့မည့် F-16 တိုက်လေယာဉ်များကို ပေးအပ်မည့် အစီအစဉ်လည်း ပါဝင်ခဲ့သည်။

ထို့ပြင် နေတိုးအဖွဲ့သည် ယူကရိန်းအတွက် လုံခြုံရေး အထောက်အပံ့များကို ကာလကြာရှည် ထောက်ပံ့ပေးမည့် ကတိကဝတ်များကိုလည်း ကြေညာခဲ့ပြီး မဟာမိတ်နိုင်ငံများထံမှ လက်နက်များနှင့် စစ်သင်တန်းများကို ယူကရိန်း ထံ ပိုမိုအဆင်ပြေချောမွေ့စွာ ရရှိနိုင်ရေးအတွက် နေတိုးစင်တာ အသစ်တစ်ခု ထူထောင်ရေးကိုလည်း အတည်ပြုခဲ့ ကြသည်။

နေတိုး၏ နောက်ဆုံး ကြေညာချက်ထဲတွင် တရုတ်သည် ယူကရိန်းကို တိုက်ခိုက်နေသည့် ရုရှား၏ စစ်ပွဲတွင် ပျက်စီးရာပျက်စီးကြောင်း တိုက်တွန်းနေသည့် နိုင်ငံဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အနောက်နိုင်ငံများကလည်း တရုတ်သည် ရုရှား၏ လက်နက်များအတွက် အစိတ်အပိုင်းများ ထောက်ပံ့ပေးနေ ကြောင်း ကာလကြာရှည် စွပ်စွဲခဲ့ပြီး တရုတ်ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

“ယူကရိန်းရဲ့ အနာဂတ်ဟာ နေတိုးရဲ့ လက်ထဲမှာပါ။ ကျနော်တို့ဟာ ယူကရိန်းကို အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် ဆက်လက် ထောက်ခံသွားပါမယ်”ဟု နေတိုး၏ ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် နေတိုးမဟာမိတ်နိုင်ငံများက ယူကရိန်း၏ ဒီမိုကရေစီ၊ စီးပွားရေးနှင့် လုံခြုံရေးပြုပြင်ပြောင်းလဲမှုကို ကြိုဆိုခဲ့ပြီး ထိုပြောင်းလဲမှုများသည် နေတိုးအဖွဲ့၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမည့်အချိန်တွင် ယူကရိန်းကို အဖွဲ့ဝင်အဖြစ် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နေတိုးအတွင်းရေးမှူးချုပ် ဂျန်း စတိုတန်ဘာ့ချ် (Jens Stoltenberg) ကလည်း ယူကရိန်းသည် နေတိုးအဖွဲ့ထဲသို့ ချက်ချင်း ဝင်ရောက်မည် မဟုတ်သော်လည်း ရုရှားက ယူကရိန်းကို နောက်တစ်ကြိမ် မတိုက်ခိုက်ရန် သေချာ အောင် လုပ်ဆောင်သည့်အနေဖြင့် စစ်ပွဲပြီးသွားသည့် အချိန်မှသာ နေတိုးအဖွဲ့ဝင် ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

Source: အေပီ