CNI International News

ဗီယင်နာ၊ ဇူလိုင် ၁၂

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi) သည် ဩစတြီးယားသို့ သွားရောက်သည့် နိုင်ငံတော်ခရီးစဉ် အတွင်း နှစ်နိုင်ငံအကြား စီးပွားရေး ဆက်ဆံမှုများကို မြင့်တက်စေရန်အတွက် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဩစတြီးယားကုမ္ပဏီများကို ကမ်းလှမ်းခဲ့သည်ဟု Mid Day သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

မိုဒီနှင့် ဩစတြီးယားဝန်ကြီးချုပ် ကားလ် နီဟမ်မာ (Karl Nehammer) သည် ဇူလိုင် ၁၀ ရက်က ဗီယင်နာ (Vienna) မြို့တော်ရှိ Hofburg နန်းတော်တွင် ဩစတြီးယား၊ အိန္ဒိယ စီအီးအိုများနှင့် အစည်းအဝေး ပြုလုပ်ကာ မိန့်ခွန်းပြောကြားခဲ့သည်။

မိုဒီသည် ဗီယင်နာရှိ အိန္ဒိယနှင့် ဩစတြီးယား ကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှု၏ အလားအလာကို အလေးထား ပြောဆိုခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရန်ဒီယာ ဂျိုင်စဝယ် (Randhir Jaiswal) က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

အိန္ဒိယနှင့် ဩစတြီးယား ကုမ္ပဏီများအကြား အခြေခံ အဆောက်အအုံ၊ ပြန်ပြည့်မြဲစွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုတို့ အပါအဝင် နယ်ပယ်ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမာ သည့် အလားအလာကို ဝန်ကြီးချုပ်က အလေးထား ပြောဆိုခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မိုဒီနဲ့ သြစတြီးယားဝန်ကြီးချုပ်ကို တွေ့ရစဉ်

ထိုနေ့ အစောပိုင်းကလည်း မိုဒီနှင့် နီဟမ်မာတို့သည် အိန္ဒိယ-ဩစတြီးယား စီးပွားရေး အစည်းအဝေးကို တက်ရောက်ခဲ့ပြီး ထိုအစည်းအဝေးတွင် နှစ်နိုင်ငံ ကုန်သွယ်မှုဆက်ဆံရေးများ ပိုမိုခိုင်မာစေရန်နှင့် စီးပွားရေး အခွင့်အလမ်းသစ်များအား ရှာဖွေဖော်ထုတ်ရန် နိုင်ငံစလုံးမှ စီးပွားရေးလုပ်ငန်း ၄၀ ခန့် ပါဝင်ခဲ့ကြသည်။

မိုဒီသည် ဗီယင်နာမြို့တော်သို့ ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းက တစ်ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု ANI မှ ဖော်ပြခဲ့သည်။

ထိုခရီးစဉ်သည် မိုဒီ၏ ပထမဆုံး နိုင်ငံတော်ခရီးစဉ်ဖြစ်ပြီး ဩစတြီးယားဝန်ကြီးချုပ် နီဟမ်မာက အိန္ဒိယ၏ အခြေခံ အဆောက်အအုံနှင့် ဒစ်ဂျယ်တယ် ကဏ္ဍပြောင်းလဲမှု ဖွံ့ဖြိုးတိုးတက်နေသည့် အခြေအနေများကို ချီးကျူးခဲ့သည်ဟု ANI သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခြေအနေတွင် စီးပွားရေး မိတ်ဖက်နိုင်ငံ အသစ်များကို ရှာဖွေခြင်း၏ အရေးကြီးပုံကိုလည်း နီဟမ်မာက အလေးထား ပြောဆိုခဲ့သည်။

“လက်ရှိမှာ ကမ္ဘာ့စီးပွားရေးဟာ စိန်ခေါ်မှုရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကို တွန်းလှန်နိုင်ဖို့အတွက် ဩစတြီးယားဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပုံစံအသစ်တွေကို ရှာဖွေဖို့ အရမ်းအရေးကြီးပါတယ်”ဟု နီဟမ်မာက ပြောကြားခဲ့သည်။

Source: Mid Day