CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၁

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဖော်ဆောင်နေသည့် ရှမ်း/မန်း စစ်ဆင်ရေးသည် ဘယ်အထိ ရောက်ရှိလာနိုင် သလဲ ဆိုသည့်အပေါ် နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်တို့အကြား သုံးသပ်ဆွေးနွေးမှုများ ရှိနေသည်။

အဆိုပါ စစ်ဆင်ရေးကို ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဦးဆောင်ပြီး မန္တလေး - PDF၊ NUG လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ ပါဝင်ကြောင်း သိရသည်။

ရှမ်း/မန်း စစ်ဆင်ရေးကို TNLA က အကူအညီပေးသည့် အနေအထားဖြစ်ပြီး PDF များက ဦးဆောင်လှုပ်ရှား ကြောင်း၊ ထိုစစ်ဆင်ရေးမှတဆင့် စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် မြစ်ဝကျွန်းပေါ်ဒေသအထိ ရောက်ရှိလာမည်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေး‌လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

နောင်ချိုရှိ ဒုံးတပ်ရင်းသိမ်းခံရပြီးနောက် လေယာဉ်ပစ်လက်နက်ကို MDY-PDF တို့သိမ်းဆည်းရမိစဉ်

၎င်းက “အခုကတော့ TNLA က မန္တလေးတိုင်းအထိ ဆင်းတဲ့ကိစ္စကို TNLA က အကူအညီပေးတဲ့ အနေအထားနဲ့ပဲ ဝန်းရံနေတဲ့ သဘောပါ၊ မန္တလေးတိုင်းကတော့ မန္တလေးတိုင်း PDF တွေက အဓိက ဦးဆောင်ပြီးတော့ လှုပ်ရှားမယ့် အနေအထားပါ၊ ဒါဟာ နွေဦးတော်လှန်ရေးအတွင်းမှာ ဖြစ်ပေါ်တိုးပွားမှု အသစ်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဗမာပြည် အလယ်ပိုင်းဒေသမှာ အခုက စစ်ရေးအတွေ့အကြုံ အားနည်းတာ၊ နောက်ပြီးတော့ စစ်တပ်အဖြစ် ပီပီပြင်ပြင် မဖော်စည်းနိုင်တဲ့ အနေအထားတွေ ပြောင်းလဲဖြစ်ပေါ်တဲ့ အနေအထားရှိပါတယ်။ အဓိက စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ မြစ်ဝကျွန်းပေါ်အထိ ရောက်ရှိလိမ့်မယ်လို့ ကျနော်တော့ ယူဆပါတယ်” ဟု ပြောသည်။

၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်း/မန်း စစ်ဆင်ရေးတွင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ NUG က စုဖွဲ့ထားသော ရွှေဘိုခရိုင်တပ်ရင်း၊ ညောင်ဦးခရိုင်တပ်ရင်း၊ မန္တလေး၊ မိုးကုတ်၊ ကျောက်မဲ၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူး ပကဖတို့ ပါဝင်ကြောင်း NUG က ဇူလိုင် ၉ ရက်နေ့မှာ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က ၁၀၂၇ စစ်ဆင်ရေးကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်ဖော်ဆောင်ခဲ့ပြီး လက်ရှိတွင် ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မတ္တရာနှင့် စဉ့်ကူးမြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

အဆိုပါ စစ်ဆင်ရေးမှာ တရုတ်၏ အကျိုးစီးပွားရှိရာ ဒေသတွင် အဓိကဖြစ်နေပြီး အကန့်အသတ် စစ်ပွဲဖြစ် ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

TNLA နဲ့ MDY-PDF တို့ကို တွေ့ရစဉ်

၎င်းက “ဒီပွဲက ဒီလောက်ပစ်ခတ်နေတဲ့ဟာ နောက်ကုန်ကျစရိတ်တွေပေါ့နော်၊ အကုန်လုံးက တရုတ်က မပေးဘဲနဲ့ တရုတ်က မပေးဘဲနဲ့ မရဘူး။ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အတွက်ကို အစိုးရနဲ့ မညှိဘဲနဲ့ လက်နက်ကိုင်တွေနဲ့ ပေါင်းပြီးတော့ လုပ်တယ်လို့ မြန်မာပြည်သူ တစ်ရပ်လုံးကနေပြီးတော့ ဒါကို လက်ခံထားတယ်ပေါ့နော်၊ ဒါကြောင့် မို့လို့ ဒါဟာ ဒီဖက်ကလည်း ရေရှည်ဖြစ်လာသမျှ သူကလည်း အကုန်ထိန်းနိုင်မှာ မဟုတ်ဘူးလေ၊ ပြောရရင်တော့ အကန့်တစ်ကန့်‌ပေါ့ အခု လူတွေ ပြောနေတဲ့ လားရှိုး-မန္တလေး မီးရထားလမ်းဖောက်မယ့် နေရာ ပတ်ဝန်းကျင် အထိလောက် သူရည်မှန်းချက် ထားကောင်းထားနိုင်တာပေါ့၊ အဲဒီတော့ ဒီလောက်အထိပဲလို့ ကျနော်ထင်တယ်၊ တစ်နိုင်ငံလုံး ပျက်သွားအောင်တော့ သူမလုပ်ဘူး၊ လုပ်ရင် သူပါပြန်ပြီး တရုတ်ပါ ပြန်ပြီး ရိုက်ခတ်မှာတွေ ရှိတယ် လေ” ဟု ပြောသည်။

လက်ရှိတွင် နောင်ချိုမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရမိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

ထို့အတူ ၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်း/မန်း စစ်ဆင်ရေးအတွင်းရှိ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူး ဒေသခံများမှာ တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပေးတိမ်းရှောင်လျက်ရှိနေသည်။