CNI International News

ခါတွန်၊ ဇူလိုင် ၁၁

ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် အရန်တပ် (RSF) အကြား ဖြစ်ပွားနေသည့် ပဋိပက္ခကို အဆုံးသတ်ရန် ဒေသတွင်းနှင့် နိုင်ငံတကာက ကြိုးပမ်းနေချိန်တွင် အီသီယိုပီးယားဝန်ကြီးချုပ် အဘီ အာမက် (Abiy Ahmed)သည် ဆူဒန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ် ဖာတာ အယ်ဘာဟန် (Abdel Fattah al-Burhan) နှင့် တွေ့ဆုံခဲ့ သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဆူဒန်တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလကတည်းက အယ်ဘာဟန်ကို သစ္စာခံသည့် စစ်တပ်နှင့် အယ်ဘာဟန်၏ လက်ထောက်ဟောင်းဖြစ်သော မိုဟာမက် ဟမ်ဒန် ဒါဂလို (Mohamed Hamdan Dagalo) အား သစ္စာခံသည့်  RSF အကြား စစ်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၉ ရက်က အာမက်သည် ပင်လယ်နီ ဆိပ်ကမ်းမြို့ဖြစ်သည့် ပို့ဆူဒန် (Port Sudan) မြို့ကို ရောက်ရှိလာခဲ့သည်။

ထိုခရီးသည် ဆူဒန်ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ရာထူးအမြင့်ဆုံး နိုင်ငံတော်ခရီးစဉ် တစ်ခုဖြစ်ခဲ့သည်။

အာမက်နှင့် အယ်ဘာဟန်တို့အကြား အစည်းအဝေးသည် နှစ်နိုင်ငံအကြား နက်ရှိုင်းသည့် ဆက်ဆံရေးများအတွက် သက်သေ အထောက်အထားတစ်ခုဖြစ်သည်ဟု ဆူဒန် အချုပ်အခြာအာဏာပိုင်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်း ဆူဒန်စစ်တပ်အကြီးအကဲနဲ့ အီသီယိုပီးယား၀န်ကြီးချုပ်ကိုတွေ့ရစဉ်

အာမက်၏ ခရီးစဉ်သည် ဆူဒန်တွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အီသီယိုပီးယားဝန်ကြီးချုပ်၏ သတင်းပြန်ကြားရေးအရာရှိက ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ အာမက်၏ အဆိုပြုချက်များကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပို့ဆူဒန်မှ သတင်းပေး ပို့နေသည့် အယ်လ်ဂျာဇီးယား သတင်းထောက် မိုဟာမက် ဗောလ် ( Mohamed Vall ) က ပြောကြားခဲ့သည်။

စစ်တပ်နှင့် မဟာမိတ်ဖြစ်သည့် အစိုးရဌာနများ ဖွင့်လှစ်ထားသည့် ပိုဆူဒန်မြို့တွင် ပြုလုပ်ခဲ့သော  တံခါးပိတ် အစည်းအဝေးအတွင်း အယ်ဘာဟမ်က RSF အဖွဲ့၏ သောင်းကျန်းမှု၊ နိုင်ငံနှင့် နိုင်ငံ၏ အင်စတီကျူးရှင်းများကို တိုက်ခိုက်မှုနှင့် ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး အာမက်ကို ပြောကြားခဲ့သည်။

သို့သော် ကုလသမဂ္ဂနှင့် အခြား နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များကမူ ဆူဒန်စစ်တပ်နှင့် RSF အဖွဲ့ နှစ်ဖွဲ့စလုံး သည် စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲခဲ့သည်။

ဆူဒန်တွင် စစ်ပွဲ စတင်ဖြစ်ပွားပြီးကတည်းက လူပေါင်း ၁၀ သန်းခန့်သည် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင် ခဲ့ရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ (UNHCR) က ထုတ်ပြန်ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား