CNI International News
ဝါရှင်တန်၊ မတ်လ ၂၁
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် မတ်လ ၁၉ ရက်က အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ကြပြီး ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
၎င်းတို့နှစ်ဦး၏ တွေဆုံမှုတွင် ဂျပန်ဝန်ကြီးချုပ် တာကာအီချီက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာ နေသည့် သင်္ဘောများကို တိုက်ခိုက်ခြင်း မပြုရန် အီရန်အား ဖျောင်းဖျနေသည့် ဂျပန်၏ သံတမန်ရေးရာ ကြိုးပမ်းမှုများအား ထရမ့်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် တာကာအီချီနှင့် ထရမ့်တို့သည် တရုတ်နှင့် ဆက်ဆံရေး တင်းမာနမှု၊ အမေရိကန်တွင် ဂျပန်၏ ဒေါ်လာ ဘီလျံချီ ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြသည်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
အမေရိကန် အနေဖြင့် မည်သည့် အကူအညီမှ မလိုအပ်ကြောင်း ထရမ့်က ပြောကြားထားသော်လည်း အရှေ့ အလယ်ပိုင်း ပဋိပက္ခအတွင်း အီရန်က ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားတွင် မိုင်းရှင်းလင်းရန်နှင့် ရေနံ တင် သင်္ဘောများကို စောင့်ကြပ်လိုက်ပါရန် သင်္ဘောများ ပိုမိုစေလွှတ်ပေးရန် တောင်းဆိုခဲ့သည်။
“ကျနော်တို့မှာ အပြန်အလှန် ကူညီရမယ့် ဆက်ဆံရေးမျိုးရှိပြီး ကျနော်တို့ကလည်း ဂျပန်အတွက် ကူညီပေး နေတာမို့ ဂျပန်ဘက်က ပိုပြီး တာဝန်ယူ ဆောင်ရွက်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ကျနော်တို့ သိပ်မလိုအပ်ပါဘူး။ ဘာမှမလိုပါဘူး။ တကယ်ပြောရရင် ဂျပန်ဆီကဖြစ်ဖြစ် တခြား ဘယ်သူ့ဆီကဖြစ်ဖြစ် ကျနော် တို့ ဘာမှမလိုပါဘူး။ ဒါပေမယ့် လူတွေအနေနဲ့ တာဝန်ယူ ဆောင်ရွက်သင့်တယ်လို့ ကျနော် ထင်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
သို့သော် ငြိမ်းချမ်းရေးကို အလေးထားသည့် ဂျပန်နိုင်ငံအား စစ်ပွဲဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်း ပဋိပက္ခ အတွင်းသို့ ရောက်ရှိသွားစေနိုင်သည့် မိုင်းရှင်းလင်းရေး သင်္ဘောများကို ပံ့ပိုးပေးရန် တာကာအီချီဘက်က အသင့် ရှိ/မရှိ ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
“သူတို့ (ဂျပန်)က တကယ်ပဲ တာဝန်ယူ ဆောင်ရွက်လာကြပါတယ်။ ဂျပန်က နေတိုးနဲ့တော့ မတူဘူးပေါ့”ဟု ထရမ့်က ပြောကြားခဲ့သည်။
နေတိုးမဟာမိတ် အဖွဲ့ဝင်နိုင်ငံများသည် ဟော်မုဇ်ရေလက်ကြားသို့ စစ်သင်္ဘောများ စေလွှတ်ပေးရန် ထရမ့်၏ တောင်းဆိုချက်ကို လျစ်လျူရှုထားချိန်တွင် ထရမ့်၏ မှတ်ချက်စကား ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
တာကာအီချီကမူ ပဋိပက္ခများကို လျှော့ချရန် တိုက်တွန်းခဲ့ပြီး ဟော်မုဇ်ရေလက်ကြားအတွင်း အီရန်၏ တိုက်ခိုက် မှုများအား ရှုတ်ချခဲ့ကာ အီရန်အနေဖြင့် နျူကလီးယား လက်နက်ကို မည်သည့်အခါမျှ မပိုင်ဆိုင်ရအောင် တားဆီး ရမည်ဖြစ်ကြောင်း၊ ထရမ့် တစ်ဦးတည်းသာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြော ကြားခဲ့သည်။
ထို့ပြင် အရှေ့အလယ်ပိုင်းရှိ မငြိမ်မသက်မှုများကြောင့် ကမ္ဘာ့စီးပွားရေးသည် ထိခိုက်မှုဒဏ်ကို ခံရတော့မည် ဖြစ်ကြောင်းလည်း တာကာအီချီက ပြောကြားခဲ့သည်။
Source: Nikkei Asia
