CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၈

ထိုင်းနိုင်ငံတွင် နိုင်ငံရေးပါတီများကြား အစိုးရသစ်ဖွဲ့စည်းရေးနှင့် ဝန်ကြီးချုပ်ရွေးချယ်ရေး တင်းမာမှုများရှိနေ သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တရားမဝင်ဖြစ်နေသည့် မြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်း လုပ်သားများအား ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထား၍ အွန်လိုင်းမှတဆင့် လုပ်သားအမည်စာရင်း (Name List) အား တင်သွင်းခွင့်ပြုထားသည်။

ထို့အပြင် အမည်စာရင်း တင်သွင်းရန်သာ ပြောဆိုထားခြင်းဖြစ်ပြီး ဆက်လက် ဆောင်ရွက်ရမည့် အခန်းကဏ္ဍများ နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မပါရှိပေ။

လာမည့် ဇူလိုင် ၁၉ ရက်တွင် ဝန်ကြီးချုပ်နေရာအတွက် ထိုင်းလွှတ်တော်၌ ထပ်မံ မဲခွဲ ဆုံးဖြတ်မည် ဖြစ်သော ကြောင့် ၎င်းအခင်းအကျင်းအပေါ် မူတည်ကာ တရားမဝင်ရွှေ့ပြောင်း လုပ်သားများ၏ အရေးကိစ္စမှာလည်း ကြန့်ကြာသွားနိုင်ဖွယ်ရှိကြောင်း ရွှေ့ပြောင်းလုပ်သားအရေး ကူညီပေးနေသူများက သုံးသပ်ကြသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ဒါပေမယ့် မရှင်းတာကကြတော့ စာရင်းသွင်းဖို့ အတွက်ကိုပဲ သူပြော ထားတာ။ နောက်ဆက်တွဲမှာ ဘာတွေ လုပ်ရမယ်။ ခုနကပြောတဲ့ Work Permit ကိစ္စတွေ၊ ဗီဇာကိစ္စတွေ၊ ကျန်တဲ့ QR လက္ခဏာဖတ်တဲ့ ကိစ္စတွေ ဒီဟာတွေနဲ့ပတ်သက်ပြီး ကုန်ကျစရိတ်တွေ ဘယ်လိုရှိလဲဆိုတာ။ အရင်တုန်းက ကုန်ကျစရိတ်အတိုင်းပဲ ကုန်မှာလားပေါ့။ အခုက အစိုးရအသစ် ထားပါတော့လေ မနက်ဖြန်ဆိုရင် ထပ်ပြီးတော့ ဝန်ကြီးချုပ် အခုလက်ရှိ အနိုင်ရ ဦးဆောင်ပါတီရဲ့ ခေါင်းဆောင်ကို လက်ခံ၊ လက်မခံဆိုတဲ့အပေါ် မူတည်ပြီးတော့ လည်း အဆင်မပြေဘူး ဆိုရင် ပြဿနာတက်နိုင်တယ်။ အဲဒီလို တက်နိုင်တယ်ဆိုရင် အစိုးရအဖွဲ့က ဖွဲ့ဖြစ်မယ်။ ကျနော်ထင်တာကတော့ အစိုးရအဖွဲ့က မဖြစ်မနေ ဖွဲ့ကို ဖွဲ့ဖြစ်မယ်ထင်တယ်။ ဝန်ကြီးချုပ်ကို ဖိထာ(ပီတာ)ကို မဖြစ်နိုင်ဘူးဆိုရင် အဲဒီဥစ္စာကို သူ့ထောက်ခံတဲ့လူတွေက လက်မခံဘူးဆိုပြီးတော့ အခုဆိုလည်း ဆန္ဒတွေပြတာ ထုတ်ဖော်တာတွေ လုပ်နေတာကို။ အဲဒီဟာတွေရဲ့ ရိုက်ခတ်မှုကြောင့် အစိုးရအသစ် ဖွဲ့စည်းတဲ့ အပေါ်မူတည်ပြီး တော့ ပြဿနာ တက်မယ်ဆိုရင် ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားအရေးမှ မဟုတ်ဘူး။ ကျန်တဲ့ စီးပွားရေး ဘာညာ အကုန်လုံး မူဝါဒတွေ ရေးဆွဲအတည်ပြုတဲ့ ကိစ္စတွေမှာ အကုန်လုံး ကြန့်ကြာ ကုန်မှာပေါ့။ ကြန့်ကြာရင် တော့ အနည်းနဲ့အများ ထိခိုက်မှုကတော့ ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဘုရင်မိသားစု စော်ကားသူကို အရေးယူနိုင်သည့် ပုဒ်မ ၁၁၂ ဖျက်သိမ်းရန် တောင်းဆိုနေစဉ်

ယခုကြေညာချက်အရ Name List တင်သွင်းခွင့် ရရှိထားသော လုပ်သားများမှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့ မတိုင်မီ ဗီဇာရက်ကျော်လွန်သဖြင့် တရားမဝင် ဖြစ်သွားသူများ၊ Work Permit သက်တမ်းတိုး မမီလိုက်သဖြင့် တရားမဝင် ဖြစ်သွားသူများ၊ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး လက်ရှိ အလုပ်ရှင်ထံတွင် လုပ်ကိုင် နေသော တရားမဝင်လုပ်သားများ စသည့် အုပ်စုများဖြစ်သည်။

အလုပ်သမား အမည်စာရင်း တင်သွင်းရာတွင် ငွေကြေး တစ်စုံတစ်ရာ ပေးဆောင်ရခြင်းမရှိဘဲ အခမဲ့တင်သွင်း နိုင် ကြောင်း၊ အွန်လိုင်းအသုံးပြုရန် အခက်အခဲရှိသော အလုပ်ရှင်များအနေဖြင့် ဘန်ကောက်ရှိ နယ်မြေ အလုပ်အကိုင် ရှာဖွေရေးရုံး ၁၀ ရုံးနှင့် ခရိုင်အသီးသီးရှိ ခရိုင်အလုပ်အကိုင် ရှာဖွေရေးရုံးများတွင် လူကိုယ်တိုင် သွားရောက် တင်သွင်း နိုင်ကြောင်းလည်း ဖော်ပြထားသည်။

အမည်စာရင်း တင်သွင်းခွင့်ပြုထားသည့် ကြေညာချက်အား ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ဇူလိုင် ၁၄ ရက်နေ့ ရက်စွဲဖြင့် အတည်ပြု ထုတ်ပြန်ထားခြင်းဖြစ်သော်လည်း သတ်မှတ်ကာလသည် ဇူလိုင်လကုန် အထိသာ သတ်မှတ်ထားသဖြင့် အချိန်သတ်မှတ်ချက်သည် နည်းပါးလွန်းကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူများအကြား သုံးသပ်ကြသည်။

မြန်မာများကိုတွေ့ရစဉ်

Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “အရေးကြီးတဲ့ဟာက အခုလက်ရှိ အမည် စာရင်းပေးတဲ့ဟာမှာ ကိုယ့်လုပ်ငန်းရှင်နဲ့ ကိုယ့်အလုပ်သမားနဲ့ ပါသွား ဖို့ပဲလိုတယ်။ အဲဒီပါသွားပြီဆိုတာနဲ့ လုပ် ငန်းခွင်ထဲမှာ အလုပ်လုပ်လို့ရပြီ။ တတ်နိုင်ရင်တော့ သူဌေးရှာလို့ ရတယ်ပေါ့ အဲဒီလို အခွင့်အရေးတစ်ခုတော့ ရသွားတာပေါ့။ ဒါပေမယ့် အခုအချိန်မှာတော့ အလုပ်သမားတွေ အနေနဲ့ အဓိက အရေးကြီးဆုံး အချိန်ကတော့ ဘာပဲဖြစ်ဖြစ် အဲဒီလို အမည်စာရင်း သွင်းထားရင်တော့ ကိုယ့်အတွက် ဆက်လုပ်ရင်လည်း လုပ်လို့ရတယ်။ ဆက် မလုပ်ရင်လည်း အဆင်ပြေတယ်။ အခွင့်အရေးတစ်ခုတော့ ရသွားတာပေါ့။ အဲဒီဟာကိုတော့ လုပ်စေချင်တယ်။ မနေ့က ၁ နာရီလောက်မှာမှ စပြီး တင်လို့ရတာကို။ ကျနော်တို့က ဘာကို ပြန်ကြည့်ရမလဲဆိုရင် အချိန်ကတော့ နည်းတာကို သိတယ်။ သိသော်လည်း သူတို့ကြေညာတဲ့ နာမည်စာရင်း ပေးတဲ့ကိစ္စမှာ ရွှေ့ပြောင်း အလုပ်သမား တွေက ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိလဲ၊ သူတို့တင်သွင်းတာ ဘယ်လောက်ရာခိုင်နှုန်း ရှိလဲဆိုတာကို ပြန် ကြည့်ရမှာ ဖြစ်တယ်။ ပြန်ကြည့်ပြီးမှ ဒီဟာကို သက်တမ်းဆက်တိုးမလား၊ မတိုးမလား ပြန်ကြည့်ရမှာကို” ဟု ပြောသည်။

ထိုင်းရွေးကောက်ပွဲမတိုင်ခင် မေဒေးနေ့(အလုပ်သမားနေ့)တွင်လည်း ရွှေ့ပြောင်း အလုပ်သမားများ ဆန္ဒပြ တောင်းဆိုကြရာတွင် အလုပ်သမား အယောင်ဆောင်ကာ ဝင်ရောက်ပြသမှုများ ရှိခဲ့သည်။

ထို့ကြောင့် ထိုင်းဝန်ကြီးချုပ် နေရာနှင့်ပတ်သက်၍ မကျေနပ်မှုများ ဖြစ်ပေါ်လာပါက ထိုင်းပြည်သူလူထု အနေဖြင့် ဆန္ဒထုတ်ဖော်မှုများ၊ ဆူပူအုံကြွမှုများ လုပ်ဆောင်လာနိုင်ကြောင်း၊ ထိုထဲတွင် မြန်မာရွှေ့ပြောင်း လုပ်သားများ လုံးဝ မပါဝင်ကြရန် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။

ထိုသို့ လူထုအုံကြွမှုများတွင် ပါဝင်ခဲ့၍ အဖမ်းခံရသည်ရှိသော် ပြည်နှင်ဒဏ်ပေးခြင်း၊ အလုပ်လုပ်ခွင့် အပိတ်ခံရခြင်း စသည့် အရေးယူမှုမျိုးနှင့်လည်း ရင်ဆိုင်ရနိုင်ကြောင်း သတိပေးသည်။