CNI International News

ဘန်ကောက်၊ ဇူလိုင် ၁၈

Move Forward Party အနေနှင့် သူ၏ ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ကို ဝန်ကြီးချုပ်ဖြစ်လာဖို့ ကြိုးစား နေသည့်အချိန်တွင် စီးပွားရေးပြဿနာများက စောင့်နေနိုင်မှာ မဟုတ်ကြောင်း သတိပေးပြီးနောက် ဖြူးထိုင်း (Pheu Thai)ပါတီမှာ ဝန်ကြီးချုပ်လောင်း ၃ ယောက် အဆင်သင့်ရှိသည်ဟု ဖြူးထိုင်းပါတီ ဒုခေါင်းဆောင် ဖန်သန် ဝီချာယာချိုင်း (Phumtham Wechayachai)က ပြောသည်။

မစ္စတာ ပီတာသည် ဝန်ကြီးချုပ် ရွေးချယ်ရာတွင် ရွေးချယ်ခံ အောက်လွှတ်တော် အမတ်များနှင့်အတူ ခန့်အပ် ခံထားရသည့် အထက်လွှတ်တော်အမတ်များ၏ မဲပေးပိုင်ခွင့်ရှိသည့် ဖွဲ့စည်းပုံဥပဒေ၏ ပေးထားချက်ကို ပြင်ဆင် ရန် ကြေညာလိုက်ခြင်းကြောင့် ဝန်ကြီးချုပ်နေရာအား ဆက်ခံရေး ပိုမိုခက်ခဲသွားစေသည်ဟု ၎င်းက ပြောသည်။

ဇူလိုင် ၁၃ ရက်က မဲပေးပွဲတွင် လက်ရှိ အထက်လွှတ်တော်အမတ် ၂၄၉ ဦးအနက် ၁၃ ဦးသာလျှင် မစ္စတာ ပီတာကို ဝန်ကြီးချုပ် ရာထူးအတွက် ထောက်ခံမဲ ပေးခဲ့ကြသည်။

ဖြူးထိုင်းပါတီ ဒုခေါင်းဆောင် ဖန်သန် ဝီချာယာချိုင်းကို တွေ့ရစဉ်

မစ္စတာပီတာ အနေနှင့် သူ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရရေးနှင့် အထက်လွှတ်တော်အမတ်များ၏ ဝန်ကြီး ချုပ် ရွေးချယ်ပိုင်ခွင့်အား ဖျက်သိမ်းရေးတို့ကို အကန့်အသတ်မရှိ ဆက်မကြိုးစား သင့်တော့ကြောင်းလည်း မစ္စတာ ဖန်သန်က ထောက်ပြသည်။

အကယ်၍ ရွေးကောက်ခံရရေး နှစ်ကြိမ်မြောက် အရေးနိမ့်ခဲ့လျှင် အစိုးရသစ်ဖွဲ့စည်းရေးတွင် ဖြူးထိုင်းကိုလည်း တစ်ပြန်တစ်လှည့် ခေါင်းဆောင်မှု ပေးသင့်သည်ဟု ၎င်းက ပြောသည်။

အထက်လွှတ်တော် အမတ်များ၏ အခွင့်အရေးဆိုင်ရာ ဖွဲ့စည်းပုံဥပဒေ အပိုဒ် ၂၇၂ ကို ပြင်ဆင်ရန် မစ္စတာ ပီတာ ၏ သန္နိဋ္ဌာန်သည်ပင်လျှင် ဖြူးထိုင်းအတွက် စောင့်ဆိုင်းရန် အချက်ပြသဖွယ် ဖြစ်ကြောင်းလည်း မစ္စတာ ဖန်သန် က ပြောသည်။

“ ၈ ပါတီရဲ့ ရည်မှန်းချက် ပန်းတိုင်က အစိုးရသစ်ကို မြန်မြန်ဆန်ဆန် ဖွဲ့စည်းဖို့ပါပဲ”ဟု မစ္စတာ ဖန်သန်က ပြော သည်။

(၈)ပါတီ ညွန့်ပေါင်းအဖွဲ့တွင် Move Forward(MFP)နှင့် ဖြူးထိုင်း(Pheu Thai)တို့ ပါဝင်သည်။

ဖြူးထိုင်းပါတီက ဝန်ကြီးချုပ်လောင်း ပေတုန်တန်ကိုတွေ့ရစဉ်

ထို့အပြင် ဝန်ကြီးချုပ် ရွေးချယ်ရာတွင် အထက်လွှတ်တော် အမတ်များ၏ မဲပေးပိုင်ခွင့်ကို ဖျက်သိမ်းရေးမှာ (၈)ပါတီက သဘောတူထားသည့် နားလည်မှု စာချွန်လွှာတွင် မပါဝင်ကြောင်း ဖြူးထိုင်းပါတီ ဒုခေါင်းဆောင်က ထောက်ပြသည်။

ထို့နောက် ဝန်ကြီးချုပ်နေရာအတွက် (၈)ပါတီ မဟာမိတ်များ သဘောထား မညီညွတ်ကြလျှင် ကျန်ပါတီများက လည်း လူနည်းစုအစိုးရများကို ဖွဲ့စည်းလာနိုင်သည်။

အခြားပါတီများမှာ စုစုပေါင်း ၁၈၈ မဲ ရရှိထားရာ ၂၄၉ ဦးသော အထက်လွှတ်တော် အမတ်များ၏ ထောက်ခံမှုကို ရခဲ့လျှင် လွှတ်တော်နှစ်ရပ်စလုံးမှ မဲအများစုကို ရသည့်သဘောပင် ဖြစ်ကြောင်း မစ္စတာ ဖန်သန်က သတိပေး လိုက်သည်။

“ ၈ ပါတီညွန့်ပေါင်းအဖွဲ့ကို ဆက်ထိန်းထားချင်တယ် ဆိုပေမယ့်လည်း တိုင်းပြည်အတွက် ထွက်ပေါက်မရှိဘဲ ဝန်ကြီးချုပ်ကိုပဲ မဲပေးပြီးရင်း မဲပေးနေတာမျိုးတော့ မဖြစ်နိုင်ဘူး။နိုင်ငံရဲ့ ပြဿနာတွေက အရေးကြီးလာနေလို့ ကျနော်တို့ နောက်နှစ်အထိတော့ မစောင့်နိုင်ဘူး။ ဖြူးထိုင်းရဲ့ ဝန်ကြီးချုပ်လောင်းတွေ အတွက်တော့ မစိုးရိမ်ပါနဲ့။ ကျနော်တို့မှာ ဝန်ကြီးချုပ်လောင်း ၃ ယောက် ရှိနေပါတယ်။ အခြေအနေတွေ သဲကွဲသွားရင် ချက်ချင်း အဆိုပြုနိုင် ပါတယ်”ဟု မစ္စတာဖန်သန်က ပြောသည်။

ဖြူးထိုင်း၏ ဝန်ကြီးချုပ်လောင်းများမှာ ပေတုန်တန် ရှင်နာဝပ်ထရာ (Paetongtarn Shinawatra)၊ ဆရတ်သာ သာဗီဆင် (Srettha Thavisin)နှင့် ချိုင်ကာဆမ် နီတီဆရီ (Chaikasem Nitisiri)တို့ ဖြစ်သည်။

အကယ်၍ MFP ပါတီကို ညွန့်ပေါင်းအဖွဲ့မှ ထုတ်ပယ်လိုက်လျှင် အထက်လွှတ်တော် အမတ်များက ဖြူးထိုင်းပါတီ ဝန်ကြီးချုပ်လောင်းကို မဲပေးဖို့ အလားအလာ ရှိသလားဟု သတင်းသမားများက မေးမြန်းစဉ်မှာတော့ ထိုအခြေနေ မှာ နောက်တစ်ဆင့် စဉ်းစားရမည့် ပြဿနာဖြစ်သည်ဟု မစ္စတာဖန်သန်က ရှင်းပြခဲ့သည်။

Source: ဘန်ကောက်ပို့စ်