CNI International News

ကာရာကက်စ်၊ ဒီဇင်ဘာ ၁၆

ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာ သမ္မတတို့သည် နှစ်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်မြေပြဿနာနှင့် ပတ်သက်ပြီး အင်အားသုံး ဖြေရှင်းခြင်းမပြုရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

မကြာသေးမီက ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာနိုင်ငံအကြား ရေနံပေါကြွယ်ဝသည့် အက်စီကွီဘို (Essequibo) ဒေသ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) နှင့် ဂွိုင်ယာနာသမ္မတ အာဖန် အလီ (Irfaan Ali) တို့သည် ကာရစ်ဘီယံ ကျွန်းနိုင်ငံဖြစ်သည့် စိန့်ဗင်းဆင့်နှင့် သည်ဂရန်နာဒိုင်းစ် (Saint Vincent and the Grenadines) ကျွန်းနိုင်ငံတွင် နှစ်နာရီကြာ အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် အက်စီကွီဘိုဒေသ အငြင်းပွား မှုကို အင်အားသုံး ဖြေရှင်းခြင်းမပြုရန် သဘောတူညီခဲ့ပြီး လက်ဆွဲနှုတ်ဆက်ခဲ့သည်။

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို နှင့် ဂွိုင်ယာနာသမ္မတ အာဖန်အလီတို့ တွေ့ဆုံပြီး လက်တွဲနှုတ်ဆက် နေကြစဉ်

ထိုပြဿနာနှင့်ပတ်သက်ပြီး မည်သည့် အခြေအနေမျိုးတွင်မဆို တစ်ဖက်နှင့်တစ်ဖက် အင်အားသုံး ဖြေရှင်းခြင်း မပြုရန် သို့မဟုတ် ခြိမ်းခြောက်ခြင်း မပြုရန်လည်း သဘောတူညီခဲ့သည်ဟု ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာအစိုးရက ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စိန့်ဗင်းဆင့်နိုင်ငံ၏ ဝန်ကြီးချုပ် ရာ့ဖ် ဂွန်ဆလက်ဗ် (Ralph Gonsalves) ကမူ ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာနိုင်ငံ၏ စာမျက်နှာ ၃ မျက်နှာပါရှိသည့် ပူးတွဲထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့သည်။

ထိုထုတ်ပြန်ချက်ထဲတွင် တင်းမာမှုများကို လျှော့ချရန် အစီအစဉ်များလည်း ပါဝင်ခဲ့သည်။

သို့သော် အက်စီကွီဘိုဒေသ ပိုင်ဆိုင်မှုပြဿနာကို ပြေလည်စေရန် သင့်တော်သည့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင် ပိုင်ခွင့်ကို ဗင်နီဇွဲလားနိုင်ငံရော၊ ဂွိုင်ယာနာနိုင်ငံကပါ သဘောတူခဲ့ခြင်း မရှိပေ။

အငြင်းပွားနေတဲ့ အက်စီကွီဘိုဒေသက ရေတံခွန်ကိုတွေ့ရစဉ်

လူထုထောက်ခံမှု ရရှိရန် ကြိုးပမ်းနေသည့် ဗင်နီဇွဲလားသမ္မတ မာဒူရိုကမူ ဂွိုင်ယာနာနှင့် ပြုလုပ်ခဲ့သည့်  အစည်းအဝေးအတွက် အောင်မြင်ကြောင်း X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

အက်စီကွီဘိုဒေသ ပိုင်ဆိုင်ရေးအတွက် နိုင်ငံတကာခုံရုံး (ICJ)၏ သင့်တော်သည့် တရားစီရင်ချက် လိုအပ်ကြောင်း ဂွိုင်ယာနာနိုင်ငံက ယူဆထားသော်လည်း ဗင်နီဇွဲလားနိုင်ငံကမူ ထိုယူဆချက်ကို ငြင်းဆိုခဲ့သည်။

ဂွိုင်ယာနာနိုင်ငံသည် ၎င်းနယ်နိမိတ်၏ သုံးပုံနှစ်ပုံကျော်ကြီးမားသည့် အက်စီကွီဘိုဒေသကို ရာစုနှစ်တစ်စုကျော် အုပ်ချုပ်ခဲ့သည်။

ဗင်နီဇွဲလားအစိုးရကမူ ထိုဒေသသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ခန့်က စပိန်လောက်အောက်မှ လွတ်လပ်ရေး ရပြီးကတည်းက ဗင်နီဇွဲလား၏ နယ်နိမိတ် တစ်ခုဖြစ်ကြောင်း ကြေညာထားသည်။

Source: ဘန်ကောက်ပို့စ်