CNI International News

ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၁၁

ဂွိုင်ယာနာနှင့် ဗင်နီဇွဲလား နယ်စပ်ပြဿနာကို တောင်အမေရိက ခေါင်းဆောင်များက စိုးရိမ်တကြီး စောင့်ကြည့် နေကြောင်း ဘရာဇီးလ်သမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါဆေးလ်ဗားက (Luiz Inacio Lula da Silva) က ပြောသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

ထို့ကြောင့် နယ်စပ်ဒေသအရေး တင်းမာမှုများကို လျှော့ချရန် လူလာက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) ကို တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဗင်နီဇွဲလားသည် အိမ်နီးချင်း ဂွိုင်ယာနာနိုင်ငံက ကာလကြာရှည် ထိန်းချုပ်ထား သည့် ပိုင်ဆိုင်မှု အငြင်းပွားနေသော ရေနံများပေါကြွယ်ဝသော အက်စီကွီဘို (Essequibo) ဒေသကို ပိုင်ဆိုင် ကြောင်း ကြေညာခဲ့သည်။

ဘရာဇီးလ်သမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါဆေးလ်ဗားကို တွေ့ရစဉ်

အဆိုပါ ကြေညာချက်ကို လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ချိန်တွင် ပါဝင်မဲပေးသည့်် ဗင်နီဇွဲလားနိုင်ငံသား ၉၅ ရာခိုင်နှုန်း က ထောက်ခံမဲပေးခဲ့ကြသည်။

မာဒူရိုနှင့် နီးစပ်သည့် ဆက်ဆံရေးရှိသော လက်ဝဲဝါဒီ တစ်ဦးဖြစ်သူ လူလာသည် မာဒူရိုနှင့် ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့ချိန်က ရှင်းလင်းပြတ်သားစွာ သတိပေးခဲ့သည်ဟု ဘရာဇီးလ်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

"တင်းမာမှုများ မြင့်တက်လာနိုင်သည့် တစ်ဖက်သတ်ဆန်သည့် စီမံချက်များကို ရှောင်ကြဉ်ရန် အရေးကြီး ကြောင်း” လူလာက အလေးအနက်ထားပြီး ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုအခြေအနေအပေါ် တောင်အမေရိကနိုင်ငံများက စိုးရိမ်မှုများ မြင့်တက်နေသည်ဟု ဒီဇင်ဘာ ၇ ရက်က အာဂျင်တီးနား၊ ဘရာဇီးလ်၊ ချီလီ၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ပါရာဂွေး၊ ပီရူးနှင့် ဥရုဂွေးနိုင်ငံတို့က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်ကို ကိုးကားပြီး လူလာက မာဒူရိုကို ပြောကြားခဲ့သည်ဟု ဆိုသည်။

ထိုပူးတွဲ ကြေညာချက်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းသည့် အဖြေတစ်ခုကို ရှာရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။

ထို့ပြင် ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရို (Gustavo Petro) ကလည်း အလားတူ သတိပေးမှုမျိုး ပြုလုပ်ခဲ့ သည်။

ရေနံများပေါကြွယ်ဝသော အက်စီကွီဘို ဒေသကို တွေ့ရစဉ်

"အကြီးမားဆုံး ကံဆိုးမိုးမှောင်ကျတဲ့ ဖြစ်ရပ်ဟာ တောင်အမေရိကမှာ စစ်ပွဲဖြစ်ပွား လာစေနိုင်ပါတယ်။ အမေဇုန် (Amazon) မိုးသစ်တောမှာ နေတိုး-ရုရှား ပဋိပက္ခပုံစံမျိုး ထိပ်တိုက်တွေ့တဲ့ အခြေအနေဟာ တိုးတက်မှုတွေ၊ လူ့အသက်တွေကို ဆုံးရှုံးစေနိုင်တာကြောင့် ဗင်နီဇွဲလားနဲ့ ဂွိုင်ယာနာနိုင်ငံတွေဟာ ပဋိပက္ခမဖြစ်ပွားအောင် တင်းမာမှုတွေကို လျှော့ချဖို့ လိုအပ်ပါတယ်" ဟု ပက်ထရိုက X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။


ဂွိုင်ယာနာနိုင်ငံသည် ၎င်းနယ်နိမိတ်၏ သုံးပုံနှစ်ပုံကျော် ကြီးမားသည့် အက်စီကွီဘိုဒေသကို ရာစုနှစ်တစ်စုကျော် အုပ်ချုပ်ခဲ့သည်။ 

ဗင်နီဇွဲလားအစိုးရကမူ ထိုဒေသသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ခန့်က စပိန်လက်အောက်မှ လွတ်လပ်ရေး ရပြီးကတည်းက ဗင်နီဇွဲလား၏ နယ်နိမိတ်တစ်ခုဖြစ်ကြောင်း ကြေညာခဲ့သည်။

၂၀၁၅ ခုနှစ်က ထိုဒေသတွင် ရေနံများ တွေ့ရှိခဲ့ပြီးနောက် ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာအကြား အငြင်းပွားမှုများ နောက်တကြိမ် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်