CNI International News

ဟောင်ကောင်၊ ဒီဇင်ဘာ ၁၁

ဟောင်ကောင်တွင် ရွေးကောက်ပွဲဝင်ရန် မဖြစ်နိုင်သည့် ဒီမိုကရေစီလိုလားသည့် ကိုယ်စားလှယ်လောင်းများအတွက် မျိုးချစ်ဝါဒီများသီးသန့် ခရိုင်ကောင်စီ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၁၀ ရက်က ပထမဆုံးအကြိမ် ကျင်းပခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထိုရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များသည် တရုတ်အစိုးရအား သစ္စာခံသည့် ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးရွေးချယ်ခွင့် ရရှိခဲ့သည်။ 

၂၀၁၉ ခုနှစ်က နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သည့် ခရိုင်ကောင်စီ ရွေးကောက်ပွဲတွင်မူ မဲဆန္ဒရှင်များသည် ဒီမိုကရေစီလိုလားသည့် ကိုယ်စားလှယ်လောင်းများကို မဲပေးခဲ့သဖြင့် ဒီမိုကရေစီလိုလားသော ကိုယ်စားလှယ် လောင်းများ အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

အစိုးရဆန့်ကျင်သော ဆန္ဒပြမှုများ လနှင့်ချီ ဖြစ်ပွားခဲ့ပြီးနောက် ကျင်းပခဲ့သည့် ထိုရွေးကောက်ပွဲတွင် ပါဝင်မဲပေး သည့် မဲဆန္ဒရှင်အရေအတွက် ၇၁ ရာခိုင်နှုန်းအထိရှိခဲ့ပြီး တရုတ်နှင့် ဟောင်ကောင် အာဏာပိုင်များအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။ 

ဟောင်ကောင် အုပ်ချုပ်ရေးမှူးကိုတွေ့ရစဉ်

သို့သော် မေလက ကြေညာခဲ့သည့် ပြုပြင်ပြောင်းလဲထားသော ရွေးကောက်ပွဲစနစ်အောက်တွင် နေရာ ၄၇၀ အနက် ၈၈ နေရာကို တိုက်ရိုက် ရွေးချယ်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းများသည် အစိုးရက ခန့်အပ်ထားသော စိစစ်ရွေးချယ်ရေးကော်မတီများ၏ အတည်ပြုချက်ကို ရရှိရန်လိုအပ်သည်။

တိုက်ရိုက်ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များ၏ ၇၀ ရာခိုင်နှုန်းကျော်သည် စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင် များ ဖြစ်သည်။ 

ထို့ကြောင့် ဟောင်ကောင်၏ အကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီက အဆိုတင်သွင်းသည့် ကိုယ်စားလှယ်လောင်းများသည် စိစစ်ရွေးချယ်ရေးကော်မတီများ၏ အတည်ပြုချက်ကို ရရှိခဲ့ခြင်းမရှိပေ။

နိုင်ငံရေးအမြင် မျှတသူများနှင့်် သဘောထား အလယ်အလတ်ရှိသည့်် ရှေးရိုးဝါဒီ လိုလားသူများကပင် ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းအသစ်များကြောင့် ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရမှုအပေါ် စောဒက တက်ခဲ့ကြသည်။ 

ဒီဇင်ဘာ ၁၀ ရက်က ရွေးကောက်ပွဲများ မစတင်မီ နာရီပိုင်းအလိုတွင်း မဲရုံတစ်ရုံရှေ့၌ ဆန္ဒပြရန် စီစဉ်နေသည့် ဆိုရှယ်ဒီမိုကရက်တစ်ပါတီဖြစ်သော League of Social Democrats မှ အဖွဲ့ဝင် ၃ ဦးသည် ဖမ်းဆီးခံခဲ့ရကြောင်း ထိုပါတီက ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား