CNI News

 ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ  ၂၇

မြန်မာနိုင်ငံတွင် ကျင်းပပြီးစီးသွားသည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီများ ရွေးကောက်ပွဲ မှာ ထင်သလောက် အနိုင်မရဘဲ ရှုံးနိမ့်မှုများက ဘာကြောင့်လဲဆိုသည့်အပေါ် အားလုံးက မေးခွန်းထုတ်လျက်ရှိ သည်။

မြန်မာနိုင်ငံ၌ ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပနေရာ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်ကလည်းကောင်း၊ အပိုင်း(၂)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်ကလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်ကလည်းကောင်း ကျင်းပထားပြီးဖြစ်သည်။

လက်ရှိတွင် USDP ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် အများဆုံး အနိုင်ရထားပြီး တစညပါတီက ဒုတိယ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ နာဂအမျိုးသားပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီတို့က တတိယ အများဆုံး အနိုင်ရထားကြသည်။

ပါတီကြီးများနှင့် ကျန်သည့် ဒီမိုကရက်တစ်ပါတီများ ယှဥ်ပြိုင်သည့်အခါတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း များ အနေဖြင့် နိုင်ငံရေးအကြောင်း မသိသူများ ပါနေခြင်းသည် အားနည်းချက်ဖြစ်သည်ဟု ရှမ်းနှင့်တိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ(SNDP)မှ တွဲဖက်အတွင်းရေးမှူး ဦးစောသန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို တွေ့ရစဉ်

၎င်းက “အဓိက,ကတော့ ပါတီဝင်တွေ စုစည်းနိုင်မှုပေါ့နော်။ နံပါတ် ၁ က ပါတီဝင် သက်တမ်းရဲ့ ပါတီဝင် သက် တမ်းနဲ့လည်းဆိုင်တယ်။ နံပါတ် ၂ က ကိုယ့်ရဲ့ပါတီဝင်တွေ စုစည်းနိုင်မှုပေါ့။ နံပါတ် ၃ ကတော့ ငွေကြေးသုံးတာ သုံးစွဲနိုင်မှုပေါ့။ ဒါတွေနဲ့အဓိက ပတ်သက်တယ်။ ဦးတို့ ဒီကျန်တဲ့ပါတီက ငွေကြေးအင်အား၊ ဓနအင်အား ဟိုဟာ ပေါ့ ကောင်းကောင်း မသုံးနိုင်တာပေါ့နော်။ ဥပမာ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်ကနေ သူကမဲဆန္ဒနယ်မြေ ဘယ်လောက်မပြည့်ရင် ပါတီက ဖျက်သိမ်းရမယ်ဆိုတဲ့ အခြေအနေကြတော့ မဲဆန္ဒနယ်မြေ ပြည့်မှီရေးအတွက် အဓိက ကြိုးစားတဲ့နေရာမှာ ကျန်တဲ့ပါတီတွေကတော့ တချို့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဆိုရင် နိုင်ငံရေး ဘာမှသိတဲ့ တက်တဲ့ အနေအထားမရှိပဲနဲ့ ဦးတို့က ဒီကိုယ်စားလှယ် မဟုတ်ပဲနဲ့ပေါ့နော်။ ဟိုဟာပေါ့ မဲဆန္ဒနယ်မြေ ပြည့်မှီနိုင်ရေးအတွက်ကို ဆွဲထည့် ထားတာလည်းရှိတယ်။ လွှတ်တော် ကိုယ်စားလှယ်အချို့တွေက အရည်အချင်း ပြည့်မှီမှုမရှိဘူး ဒါတွေလည်း ပါတာပေါ့နော်။ အဲ့ဒီအခါ ကြတော့ သူတို့က နိုင်ငံရေးအကြောင်းလည်း မသိဘူး၊ ပါတီဘယ်လို စည်းရုံးရမလဲလည်း မသိဘူး၊ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ယောက်ရဲ့ အရည်အချင်းဆိုတာ ဘာတွေလုပ်ပိုင်ခွင့်ရှိတယ်၊ ဘာတွေလုပ်ရမယ်ဆို တာ စသဖြင့်ပေါ့ အဲ့ဒီဟာတွေလည်း သူက အဲ့ဒီဘက်မှာလည်း အားနည်းချက် တချို့ရှိတာပေါ့။ အဲ့ဒါတွေကြောင့် လည်း ပါတီကြီးတွေနဲ့ ကျန်တဲ့ဒီမိုကရက်တစ်ပါတီတွေ ယှဥ်ပြိုင်တဲ့အခါမှာ ဒီအားနည်းချက်တွေလည်း ရှိတာပေါ့။ ဒါကကြောင့်မို့လို့ လက်လှန်းမှီနိုင်တဲ့ ပါတီကြီးတွေက ပိုပြီးတော့ အားသာချက်ရှိတာပါ”ဟု ပြောသည်။

အဆိုပါ ရွေးကောက်ပွဲကျင်းပခဲ့ရာတွင် ကြိုတင်မဲဖြင့် USDP အနိုင်ရရှိအောင် သက်ဆိုင်ရာက ဆောင်ရွက်ခဲ့မှုများရှိကြောင်းနှင့် USDP ကို မထောက်ခံသော မဲဆန္ဒရှင်များ မဲထည့်ခွင့်မရအောင်လည်း မဲစာရင်းများ ရှုပ်ထွေးအောင် လုပ်ဆောင်ထားကြောင်း နိုင်ငံရေးပါတီတချို့နှင့် နိုင်ငံရေးလေ့လာစောင့်ကြည့် သူများက ထောက်ပြနေကြသည်။

ယခုကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ထင်ထားသည့်သူများ၊ ထက်ထက်မြက်မြက်နှင့် ပြောနိုင်ဆိုနိုင်သည့်သူများ အနိုင်မရကြခြင်းကို တွေ့ရကြောင်း ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးကိုကိုကြီး မဲထည့်နေစဉ်

၎င်းက “တချို့မရကြဘူးပေါ့နော်။ အဲ့တာတော့ တွေ့တယ်။ ဘာကြောင့် မရဘူးလဲဆိုတာတော့ တစ်ခါတလေ တော့ အစိုးရကို နည်းနည်း ဆန့်ကျင်တဲ့ သဘောရှိလို့လားတော့ မသိဘူးပေါ့နော်။ ဆရာမတို့ ပါတီဆိုရင်လည်း အခုတိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာပဲ ရတယ်ပေါ့နော်။ PR တော့ မထွက်သေးဘူးပေါ့။ ကြိမ်းသေသွား ပြီပေါ့။ တိုင်းရင်းသားရေးရာတော့။ ဘယ်သူတွေရတယ် ဘယ်သူတွေ မရဘူးဆိုတာတော့ ကိုယ့်မိတ်ဆွတွေပေါ့ ကွာ။ ဥပမာ ဦးအေးမောင်တို့ ရှုံးတာသိတယ်၊ ကိုကိုကြီးတို့ ရှုံးတာသိတယ် အဲ့ဒီလိုလေးတွေတော့ သိတယ်ပေါ့။ လက်ရှိအစိုးရ နောက်တစ်ခါ အစိုးရကနေ အားပေးတဲ့ ပါတီလို့ ထင်ရတဲ့ပါတီ အဲ့ဒီလိုဟာမျိုးတွေကို သူတို့က ပေး လိုက်ကြတာပဲပေါ့နော်။ ပြီးတော့ အခုချိန်မှာလည်း အဖြေတွေက သေသေချာချာ တိတိကျကျ မသိရသေးဘူး။ နိုင်ငံရေးအနေနဲ့ ဘယ်လိုတွေ သွားအုံးမလဲဆိုတာလည်း သေချာတော့ မသိရသေးဘူးပေါ့နော်။ တခြားဟာတွေနဲ့ ပတ်သက်လို့ကတော့ ဒီမိုကရက်တစ် အဖွဲ့တွေ မရကြဘူးဆိုတာ မကြည့်ထားမိဘူးပေါ့။ ဒါပေမယ့် ကိုယ့် အပေါင်း အသင်းတွေတော့ မရကြတာ များတယ်၊ ထင်ထားတဲ့ လူတွေပေါ့ကွာ၊ တကယ်တမ်း ထက်ထက်မြက်မြက်လည်း ရှိတယ်၊ ပြောနိုင်ဆိုနိုင်ရှိတယ် အဲ့ဒီလိုဟာမျိုးတွေ မရကြဘူး။ နောက်နဂိုထဲက အပယ်ခံရတာတို့ဘာတို့ အဲ့ဒါတွေ တော့ ရှိထားတာပေါ့နော်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ရလဒ်များအရ တပ်မတော်နှင့် USDP ပါတီသည် လွှတ်တော် နေရာအများစုကို ရရှိထားပြီဖြစ်၍ အထမြောက်သည့် လွှတ်တော်ကို ကျင်းပနိုင်သော အနေအထား သို့ ရောက်နေပြီဖြစ်သည်။

ထို့ပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဖြစ်သည့် အမတ် ၁၆၆ နေရာနှင့် ပေါင်းလိုက်ပါ က USDP ပါတီသည် လက်ရှိတွင် လွှတ်တော် ကိုယ်စားလှယ်နေရာ ၃၆၀ ကို ရရှိထားပြီး အစိုးရဖွဲ့ရန် လိုအပ်သော အများစု ၂၉၄ နေရာထက် ကျော်လွန်နေပြီလည်း ဖြစ်သည်။