CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆

ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်နေသည့် နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးသန်းစိုးတို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးကြသည်။

ထိုသို့ တွေ့ဆုံစဉ် ကြိုတင်မဲကိစ္စများနှင့် ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

UEC ဥက္ကဋ္ဌ ဦးသန်းစိုးက “ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်ကြောင်း အသိအမှတ်ပြု မှတ်ကျောက်တင်ရန် အတွက် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းမီဒီယာ အဖွဲ့အစည်း များမှ သတင်းမီဒီယာသမားများ စုစုပေါင်း ၁၅၄၄ ဦးခန့် စောင့်ကြည့် လေ့လာသတင်း ရယူခွင့် ပြုခဲ့ပါသည်” ဟု ပြောသည်။

လာမည့် ‌ရွေးကောက်ပွဲအပိုင်း(၂)နှင့် (၃)ကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပွင့်လင်း မြင်သာမှုရှိစွာဖြင့် လွတ်လပ်ပြီး  တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဂုဏ်သိက္ခာရှိ သော ရွေးကောက်ပွဲမှတဆင့် ဂုဏ်သိက္ခာရှိသော လွှတ်တော်အသီးသီး ဖွဲ့စည်းနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။

ရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ ရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း ဆက်လက် ကျင်းပမည်ဖြစ်သည်။

UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၄၇ ပါတီမှ ဥက္ကဋ္ဌများနှင့် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၈၀ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။

သို့သော် တိုင်းရင်းသား လူမျိုးစု ပါတီများနှင့် ပြည်ထောင်စုအဆင့် ပါတီတချို့ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီသည် ကြိုတင်မဲများဖြင့် အနိုင်ရရှိသွားခဲ့ကြောင်း၊ ကြိုတင်မဲများသည် ပွင့်လင်းမြင်သာမှု မရှိ၍ တရားမျှတမှုမရှိကြောင်း ထောက်ပြလျက်ရှိသည်။

ထို့နောက် ကြိုတင်မဲနှင့် ပတ်သက်ပြီး ပြည်သူ့ပါတီ(PP)၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ စာပို့အသိပေး ခဲ့ကြောင်း သိရသည်။