CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကိုလံဘီယာအစိုးရအပေါ် စစ်ရေးအရ အရေးယူမည်ဟု ဇန်နဝါရီ ၄ ရက် က ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုသို့သော စစ်ဆင်ရေးမျိုးသည် ၎င်းအတွက် အဆင်ပြေကြောင်း ထရမ့်က Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့နောက် ကိုလံဘီယာအစိုးရထံမှ ဒေါသတကြီး တုန့်ပြန်မှုများ ထွက်ပေါ်လာခဲ့သည်။
ဇန်နဝါရီ ၃ ရက် အစောပိုင်းက ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) ကို အမေရိကန်က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီးနောက် ထရမ့်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။
“ကိုလံဘီယာနိုင်ငံဟာ အရမ်းကို စိတ်မချရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကိုလံဘီယာကို ကိုကင်းတွေ ထုတ်လုပ်ပြီး အမေရိကန်ကို ရောင်းချရတာကို သဘောတွေ့နေတဲ့ ကျန်းမာရေးမကောင်းတဲ့ လူတစ်ယောက်က အုပ်ချုပ်နေတာပါ။ သူ အဲဒီလိုလုပ်နေတာ ကြာကြာခံမှာ မဟုတ်တော့ပါဘူး” ဟု ထရမ့်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကိုလံဘီယာသမ္မတ ပက်ထရိုကို တွေ့ရစဉ်
ထရမ့်၏ မှတ်ချက်စကားသည် ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရို (Gustavo Petro) ကို ရည်ညွှန်းပြော ဆိုခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ကိုလံဘီယာနိုင်ငံအပေါ် အမေရိကန်က စစ်ရေးအရ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် အစီအစဉ် ရှိ၊ မရှိ တိုက်ရိုက် မေးမြန်းရာတွင် ထရမ့်က “ကျနော့်အတွက်တော့ အဲဒါက အဆင်ပြေပါတယ်”ဟု ဖြေကြားခဲ့သည်။
ကိုလံဘီယာအစိုးရကမူ ထရမ့်၏ ပြောကြားချက်များသည် ရွေးကောက် တင်မြှောက်ခံထားရသော ခေါင်းဆောင် တစ်ဦးအပေါ် လက်မခံနိုင်သော ခြိမ်းခြောက်မှု ဖြစ်သည်ဟုဆိုကာ ပယ်ချလိုက်သည်။
“ဒါဟာ နိုင်ငံတကာဥပဒေရဲ့ စံတန်ဖိုးတွေကို ချိုးဖောက်ပြီး အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို လျော်ကန်သင့်မြတ်မှု မရှိဘဲ ဝင်ရောက်စွက်ဖက်တာ ဖြစ်ပါတယ်” ဟု ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက် နှောင်း ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ကိုလံဘီယာသမ္မတ ပက်ထရိုကလည်း မိမိအား ပုတ်ခတ် စော်ကားနေမှုကို ရပ်တန့်ရန် ထရမ့်ကို တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
