CNI International News

ပဲရစ်၊ ဇန်နဝါရီ ၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဂရင်းလန်းကျွန်း (Greenland) ကို သိမ်းယူမည်ဟု ထပ်မံ ခြိမ်းခြောက်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံက ဒိန်းမတ်နှင့် ဂရင်းလန်းကျွန်းတို့၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် ထောက်ခံကြောင်း ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြ ခဲ့သည်။

“ဒါဟာ ဒိန်းမတ်နဲ့အတူ ရပ်တည်တဲ့ စည်းလုံးညီညွတ်မှုပါပဲ။ ဂရင်းလန်းဟာ ဂရင်းလန်းကျွန်းသူ၊ ကျွန်းသားတွေနဲ့ ဒိန်းမတ်ပြည်သူတွေ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ သူတို့ဆန္ဒက အဓိကကျပါတယ်။ နယ်နိမိတ်တွေကို အင်အားသုံးပြီး ပြောင်းလဲလို့မရပါဘူး” ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ပါစကယ် ကွန်ဖက်ရုဇ် (Pascal Confavreux) က TF1 ရုပ်သံကို ပြောကြားခဲ့သည်။

ဇန်နဝါရီ ၅ ရက်တွင် ထရမ့်က The Atlantic မဂ္ဂဇင်းနှင့် အင်တာဗျူး ပြုလုပ်ချိန်၌ “ကျနော်တို့က ဂရင်းလန်းကို လိုအပ်တာ အမှန်ပါပဲ။ ကာကွယ်ရေးအတွက် အဲဒီကျွန်းကို လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဂရင်းလန်းကျွန်းကို တွေ့ရစဉ်

၎င်း၏ ပြောကြားချက်သည် အမေရိကန်က ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) ကို ဖမ်းဆီးခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထရမ့်ကမူ အမေရိကန်သည် ဗင်နီဇွဲလားနိုင်ငံကို စီမံခန့်ခွဲသွားမည်ဟု ပြောဆိုထားသည်။

ဒိန်းမတ်နှင့် ဂရင်းလန်းကျွန်း၏ ခေါင်းဆောင်များကမူ ဂရင်းလန်းကျွန်းကို သိမ်းယူမည်ဟု ခြိမ်းခြောက်နေ ခြင်းအား ရပ်တန့်ရန် ထရမ့်ကို ဇန်နဝါရီ ၄ ရက်က တိုက်တွန်းခဲ့ကြသည်။

Source: ရိုက်တာ