CNI International News
ဘေဂျင်း၊ ဇန်နဝါရီ ၆
မည်သည့်နိုင်ငံကိုမဆို ကမ္ဘာ့တရားသူကြီး (world judge) အဖြစ် ဆောင်ရွက်နေခြင်းကို တရုတ်က လက်ခံမည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi)က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်စစ်တပ်က ဗင်နီဇွဲလားကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ဝမ်ယိက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဘယ်နိုင်ငံကမှ ကမ္ဘာ့ပုလိပ် (World Police) အဖြစ် ဆောင်ရွက်နိုင်တယ်လို့ ကျနော်တို့ ဘယ်တုန်းကမှ မယုံ ကြည်ခဲ့သလို ဘယ်နိုင်ငံကမှ ကမ္ဘာ့တရားသူကြီး (World Judge) အဖြစ် ဆောင်ရွက်နိုင်တယ်ဆိုတာကို ကျနော် တို့ လက်မခံပါဘူး” ဟု ဝမ်က ဇန်နဝါရီ ၄ ရက်တွင် ဘေဂျင်း၌ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အစ်ဟက် ဒါး (Ishaq Dar) နှင့်တွေ့ဆုံချိန်၌ ပြောကြားခဲ့သည်။
ဝမ်သည် အမေရိကန်ကို တိုက်ရိုက် အမည်တပ်ခြင်းမပြုဘဲ “ဗင်နီဇွဲလား နိုင်ငံအတွင်း ရုတ်တရက် ဖြစ်ပေါ် တိုးတက်လာသည့် အခြေအနေများ” ဟု ရည်ညွှန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အသက် ၆၃ နှစ်အရွယ်ရှိ မာဒူရိုအား မျက်လုံးကိုစည်းပြီး လက်ထိပ်ခတ်ထားသည့် ဓာတ်ပုံများကြောင့် ဗင်နီဇွဲလား ပြည်သူများ ထိတ်လန့်နေရချိန်တွင် ဝမ်က ဗင်နီဇွဲလားနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် မှတ်ချက်ပေးခဲ့ ခြင်း ဖြစ်သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန် ဖမ်းဆီးခေါ်ဆောင်လာစဉ်
“နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို နိုင်ငံတကာ ဥပဒေတွေအောက်မှာ အပြည့်အဝ ကာကွယ် ပေးရပါမယ်” ဟု ဝမ်က ပြောကြားခဲ့သည်။
တရုတ်သည် သံတမန်ရေးရာတွင် ဩဇာတိက္ကမကြီးမားသည့် နိုင်ငံဖြစ်လာရန် ရည်မှန်းထားပြီး အထူးသဖြင့် ၂၀၂၃ ခုနှစ်၌ ဆော်ဒီနှင့် အီရန်တို့ကြား အံ့အားသင့်ဖွယ် ပြန်လည်သင့်မြတ်ရေးကို ကြားဝင်စေ့စပ်ပေးနိုင်ခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေး ဆွေးနွေးမှုများတွင် အမေရိကန်နှင့် ထိပ်တိုက် ရင်ဆိုင်နိုင်ခဲ့သည့် အောင်မြင်မှုများက ၎င်း၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေခဲ့သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။
သို့သော် အမေရိကန်သည် ဗင်နီဇွဲလားအစိုးရကို လတ်တလော အချိန်တွင် ကြီးကြပ်ကွပ်ကဲသွားမည်ဆိုသည့် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ပြောကြားချက်သည် နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ပြီဖြစ်သည့် ဗင်နီဇွဲလားနှင့် တရုတ်ကြား သံတမန်ဆက်ဆံရေးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
