CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အရပ်သား အစိုးရသစ် တစ်ရပ်အနေဖြင့် နိုင်ငံတော် ပြုပြင်ပြောင်းလဲ ရေးများ သေချာစွာ လုပ်ပြနိုင်မည်ဆိုပါက နိုင်ငံတကာမှ မထောက်ခံဘူးဆိုတာ ရှိလာမှာ မဟုတ်ဘူးဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
အာဆီယံအနေဖြင့် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ပို့ဆောင်မည် မဟုတ်ကြောင်းကို ရှင်းရှင်း လင်းလင်း ကြိုတင် ပြောကြားခဲ့ကြောင်း၊ ရွေးကောက်ပွဲကိုလည်း အာဆီယံအနေဖြင့် အသိအမှတ် မပြုဘူးဟု မလေးရှားနိုင်ငံ ခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ဖော် ပြောကြားထားသည်။
တစ်ဖက်တွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ် ပြုခြင်း၊ မပြုခြင်းကို မိမိ နားမလည်ကြောင်း၊ ပြည်သူလူထု ဆန္ဒမဲ လာရောက်ပေးမှုအပေါ် အသိအမှတ် ပြုသည်ဟု ရွေးကောက်ပွဲအပိုင်း(၃) ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
နိုင်ငံတကာ၏ အမြင်သည် တက်လာမည့် အစိုးရသစ်၏ လုပ်ကိုင်နိုင်စွမ်း မည်မျှရှိသလဲ အပေါ်မှာသာ မူတည်နေ ကြောင်း၊ တပ်မတော်မှ အလုံးစုံ ချုပ်ကိုင်ထားသည့် အခင်းအကျင်းမှ ရွေးကောက်ခံ အစိုးရဆိုသည့် အခင်းအကျင်း သည် ပို၍ ပျော့ပျော့ပျောင်းပျောင်း ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “ဆိုတော့ လက်ရှိ အနေအထားကနေမှ တပ်မတော် ၁၀၀ ရာခိုင်းနှုန်းကနေမှ ဘာပဲဖြစ်ဖြစ် တပ်မတော် ၂၅ ရာခိုင်နှုန်းကို ပြန်လျော့တယ်ပေါ့လေ။ တပ်မတော်နဲ့ ဟိုဟာဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီက အများစုနိုင်တယ်ဆိုတော့ အကုန်လုံးက တပ်မတော်လို့တော့ မြင်နေတာပေါ့။ ဒါပေမယ့် ကျနော်က အဲ့တိုင်းတော့ မမြင်ဘူး။ ရွေးကောက်ခံ ဖြစ်သွားတာပေါ့နော်။ သူ့ဟာသူ ဒီဘက်က ပြည်သူလူထု မဲထွက်ပေးတာ နည်းတယ်ဖြစ်စေ၊ ဘာဖြစ်စေ ရွေးကောက်ပွဲက ဘယ်လောက်မဲပေးမှ ဖြစ်တယ်ဆိုပြီးတော့လည်း ပြောထားတာ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ရွေးကောက်ခံအစိုးရလို့ပဲ ကျနော်တို့က သတ်မှတ်ရမှာပေါ့။ ဒီလိုအစိုးရမျိုးက လက်ရှိ အနေအထားထက် ပို၍ legitimacy အများကြီး ပိုဖြစ်တာပေါ့လေ။ အဲဒီ အချိန်မှာမှ အသစ်ပေါ်ထွက်လာတဲ့ အစိုးရက တကယ့်ကို ပြုပြင် ပြောင်းလဲရေးတွေ လုပ်ပြနိုင်တယ် ဆိုလို့ရှိရင် ခုနက မထောက်ခံပါဘူးဆိုတဲ့ နိုင်ငံတွေကလည်း ပြောင်းသွားမှာပါ၊ ထောက်ခံသွားမှာပါ။ ဒီလိုပါပဲ ၂၀၁၀ တုန်းကလည်း ဒီလိုပဲဖြစ်ခဲ့တာပဲ။ လာမယ့်အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှု ဘယ်လောက်ထိ လုပ်ကိုင်နိုင်စွမ်းရှိသလဲ၊ ဘယ်လောက်ထိ နိုင်ငံရေးစေတနာ ဘယ်လောက်ထိရှိသလဲ အပေါ်မှာ မူတည်ပြီးတော့မှ ကျန်တာတွေက အကုန် ဖြစ်သွားမှာပေါ့လေ” ဟု ပြောသည်။
ထို့ပြင် နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် အဆိုးဆုံး အခြေအနေများကို ကျော်ဖြတ်ခဲ့ ပြီဖြစ်၍ ယခုထက်ပို၍ သန်းခေါင်ထက် ညနက်စရာ မရှိတော့ကြောင်း ဦးထက်အောင်ကျော်မှ ဆက်ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “ကျနော့် အမြင်ကတော့ နိုင်ငံတကာဆက်ဆံရေးမှာ ပြောရမယ်ဆိုလို့ရှိရင်တော့ သန်းခေါင်ထက် ညမနက် ဘူးပေါ့ဗျာ။ အဆိုးဆုံး အခြေအနေကို ကျော်ဖြတ်ခဲ့ပြီလို့ ပြောလို့ရတယ်။ အခုလိုမျိုး ရွေးကောက်ခံအစိုးရ ဖြစ်လာ လို့ရှိရင် ပိုပြီးတော့မှ အရွေ့တစ်ခု ပိုကောင်းလာလိမ့်မယ်။ အဲဒီထဲမှာမှ ထွက်ပေါ်လာတဲ့ အစိုးရက တော်တော့်ကို ပါးပါးနပ်နပ်နဲ့ ကိုင်တွယ်တတ်ပြီးတော့ တကယ် ပြုပြုင်ပြောင်းလဲရေးတွေ လုပ်ပြနိုင်တဲ့ ဆိုလို့ရှိရင် အရုဏ်ဦး ရောင်ခြည်ကတော့ ထွက်လာမှာပါ။ ဒါကတော့ မျှော်လင့်လို့ရပါတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့ပြီးသွားလျှင် နိုင်ငံတကာ၌ တစ်စုံတစ်ရာ တရားဝင်မှု ရသွားနိုင်ကြောင်း၊ သို့ပေမယ့် လည်း ပြည်တွင်းပြဿနာများကို မဖြေရှင်းနိုင်သရွေ့ ထွက်ပေါက်ရှိမှာ မဟုတ်ဘူးဟု တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစိုးရဖွဲ့ပြီးသွားလို့ရှိရင်တော့ နိုင်ငံတကာမှာ တစ်စုံတစ်ရာ တရားဝင်မှုတော့ ရသွားတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ (De facto Government) လို့ခေါ်တာပေါ့။ တကယ့် အခိုင်အမာ အုပ်ချုပ်နေတဲ့ အစိုးရ တစ်ရပ်တော့ ရောက်သွားမှာပေါ့။ ဒါပေမယ့် အခုစစ်တပ်က တွေ့ကြုံနေရတဲ့ အကျပ်အတည်းတွေ ကျော်နိုင်ဖို့ ကတော့ သိပ်မလွယ်ဘူးဗျ။ သူနိုင်ငံတကာမှာ တစ်စုံတစ်ရာ ဟိုဒင်း ရအောင်ရနိုင်တာပေါ့။ မလေးရှားက နိုင်ငံခြား ရေးဝန်ကြီးလား မသိဘူး။ ရွေးကောက်ပွဲကို အသိအမှတ် မပြုဘူးလို့ ပြောတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရသစ် တစ်ရပ်တော့ ပေါ်လာမှာပေါ့နော်။ နိုင်ငံတကာမှတော့ တစ်စုံတစ်ရာ အသိအမှတ်ပြုတာတော့ ခံရကောင်းခံ ရနိုင် တယ်။ ဒါပေမယ့် ပြည်တွင်းက ပြဿနာတွေကို သူမဖြေရှင်းနိုင်သရွေ့ သူ့အတွက် ထွက်ပေါက်မရှိပါဘူး။ ကျမတို့ ကတော်လှန်ရေးက ဆက်ပြီးတေ့ာ သွားစရာရှိတာ သွားရလိမ့်မယ်ထင်တယ်။ သူ့အတွက် ထွက်ပေါက်ရှိစရာ အကြောင်းမရှိဘူးဗျ။ သံခင်းတမန်ခင်း အနေနဲ့တော့ တစ်စုံတစ်ရာ အသက်ရှုပေါက် ချောင်ကောင်း ချောင်နိုင်တာ ပေါ့ဗျာ” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှ စတင်ကာ အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။
