CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၂)၌ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီ(တစည) အနေဖြင့် အားကောင်းလာသော အနေအထားမျိုး မြင်တွေ့ရသည်ဟု ကရင်ပြည်သူ့ပါတီ(KPP)မှဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း (၁) နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပပြီးစီးခဲ့ပြီး ကျန်ရှိနေသည့် ရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
ကရင်ပြည်သူ့ပါတီ အနေဖြင့် ရွေးကောက်ပွဲအပိုင်း(၁)နှင့် အပိုင်း(၂)တွင် ဧရာဝတီတိုင်းတွင်သာ ဝင်ရောက် ယှဥ် ပြိုင်ပြီး ပါတီ၏ မဲရလဒ် အခြေအနေကိုတော့ သေချာစွာ မပြောနိုင်သေးကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၂)တွင် တစညပါတီ အနေဖြင့် အားကောင်းလာသည့် အနေအထားမျိုး မြင်တွေ့ရသည်ဟု ကရင်ပြည်သူ့ပါတီ(KPP)မှ ဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။

ကရင်ပြည့်သူပါတီကို တွေ့ရစဉ်
၎င်းက “ဒီတစ်ခေါက်က ပန်းတနော်ရယ်၊ ဝါးခယ်မရယ်၊ ကံကြီးထောက်ရယ်၊ ကျောင်းကုန်းရယ်။ အဲဒါက ကရင် များတဲ့ နေရာတွေလေ။ ရာခိုင်နှုန်းကတော့ သူတို့ တွက်လို့မပြီးသေးဘူး။ ကံကြီးထောက်မှာက Second ရတယ်။ Second မှာ ချိတ်တယ်ပေါ့။ ရာခိုင်နှုန်းက မပြောနိုင်သေးဘူး။ ကျောင်းကုန်းလဲ Second ချိတ်တယ်။ ဝါးခယ်မက Third ဖြစ်သွားတယ် ပြောတယ်။ ဝါးခယ်မက Third ဖြစ်တယ်။ တိုင်းရင်းသား တစ်ခုပဲရှိမယ် အိမ်မဲမှာက တိုင်းရင်းသား ကိုယ်စားလှယ်ကတော့ နေရာ တော်တော်များများမှာ သူက ရထားတယ်။ ပြတ်လဲပြတ်တယ် မဲတွေ ပြတ်တယ်။ ရွေးကောက်ပွဲအပိုင်း(၂)မှာ တိုင်းရင်းသားရေးရာကတော့ အပြတ်အသတ် ဆက်နိုင်ပါတယ်။ ဆက်နိုင် ပါတယ်ဆိုတာ Total တော့ မသိရသေးဘူး။ တချို့ နေရာလေးတွေတော့ သူရှုံးတာ ရှိတာပေါ့။ သို့သော်လည်း ပြိုင် တဲ့နေရာ မဲပြတ်တော့ ပြတ်မယ်လို့ပဲ ယူဆတယ်ပေါ့နော်။ နိုင်မယ်လို့ပဲ ယူဆတယ်။ ဆရာမကတော့ အကြိတ် အနယ် ထင်နေတာ မနေ့ကပေါ့နော် အခုထက်ထိလည်း မသိရသေးဘူး။ သူတို့ခေါ်ပြီးတော့ လက်မှတ်ထိုးခိုင်းမှပဲ သိတော့မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ မနေ့ကလည်း မမျှော်လင့်ဘဲ တစည တော်တော်များများ တက် လာတယ်။ ပန်းတနော်ကတော့ ဒါ တစညရဲ့နယ်မြေ ဆရာမတို့က နည်းနည်း Mix ဖြစ်သွားတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးနဲ့ပဲ အဓိက ပြိုင်ရမယ် အောက်မေ့တာပေါ့နော်။ အခု တစညနဲ့ပါ ပြိုင်ရတာပေါ့။ တစညက မြို့ပေါ်မှာတော့ တစညက ကောင်းတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးရော ဆရာမတို့ရော ရှုံးတယ်။ မဲရုံနှစ်ရုံမှာ ရှုံးတယ်ပေါ့နော်။ မဲရုံနှစ်ရုံမှာတော့ နိုင် တယ်လို့ ပြောတယ်” ဟု ပြောသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အနေဖြင့် မူလတည်ရှိနေသည့် ပါတီဟောင်းတစ်ခုဖြစ်၍ အမာခံ ပါတီဝင်များလည်းပဲ ရှိပြီးသားဖြစ်သည့်အတွက် ပို၍ အားကောင်းလာသော သဘောမျိုး ဖြစ်သည်ဟု ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ(SSP)မှ ဥက္ကဋ္ဌ ဦးစိုင်းနိုင်နိုင်ကျော်က CNI သတင်းဌာနသို့ ပြော သည်။

တစညပါတီ ကိုယ်စားလှယ်လောင်းများကို တွေ့ရစဉ်
၎င်းက “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီရဲ့ အနေအထားကတော့ နဂိုကတည်းက သူက တည်ရှိနေတဲ့ ပါတီဟောင်းတစ်ခု ဖြစ်နေတာကို။ သူ့မှာတော့ သူ့ရဲ့အမာခံ ပါတီဝင်တွေလည်းပဲ နဂိုကတည်းက ရှိနေပြီးသား အနေအထားမျိုးရှိပါတယ်။ အဲဒီတော့ လက်ရှိ ပြောင်းလဲသွားတဲ့ ရွေးကောက်ပွဲစနစ်အရ တစညအနေနဲ့ ပိုပြီးတော့ အားကောင်းလာတဲ့ သဘောမျိုးလို့ ကျနော်ထင်ပါတယ်” ဟု ပြောသည်။
လက်ရှိ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲအပိုင်း(၂)၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က တစ်နိုင်ငံလုံး အတိုင်း အတာ အနေဖြင့် ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိထားကြောင်း သိရသည်။
ထို့နောက် ရွေးကောက်ပွဲအပိုင်း(၁)၌ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)က ဒုတိယနှင့် ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်ပါတီ၊ နာဂအမျိုးသားပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရှမ်နီ(တိုင်းလျန်)သွေးစည်း ညီညွတ်ရေးပါတီတို့က တတိယအဖြစ် အနိုင်ရရှိထားသည်။
