CNI International News

မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၈

၂၀၂၄ ခုနှစ်တွင်ပြုလုပ်မည့် မက္ကဆီကို သမ္မတရွေးကောက်ပွဲတွင် မက္ကဆီကိုစီးတီး မြို့တော်ဝန်ဟောင်းဖြစ်သည့် ကလော်ဒီယာ ရှိန်ဘမ်း (Claudia Sheinbaum) က အနိုင်ရရှိရန် ရေပန်းစားနေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ကလော်ဒီယာ၏ ဆရာဖြစ်သူမှာ လက်ရှိ မက္ကဆီကိုသမ္မတ အန်ဒရီ မန်နျူယယ် လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador) ဖြစ်ပြီး ကလော်ဒီယာသည် ဆရာဖြစ်သူ အိုဘရာဒေါ၏ သမ္မတရာထူးကို ဆက်ခံမည့် သူအဖြစ် ထင်ကြေးပေး ခံခဲ့ရသည်။

ယခင်အစိုးရအဖွဲ့ကို ဝေဖန်ခဲ့သည့် သမ္မတ အိုဘရာဒေါ၏ လုပ်ငန်းစဉ်များအား ဆက်လက် တာဝန်ယူ လုပ်ဆောင် သွားမည်ဟု အသက် ၆၁ နှစ်အရွယ် ကလော်ဒီယာက ပြောသည်။

"သမ္မတ အန်ဒရီ မန်နျူယယ် လိုပက်ဇ် အိုဘရာဒေါ စတင် လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ။ နောက်ကြောင်း ပြန်လှည့်ဖို့ အကြောင်းမရှိပါဘူး" ဟု ကလော်ဒီယာက ပြီးခဲ့သည့်လ အတွင်း မက္ကဆီကိုစီးတီးမြို့တော်တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးမှုအတွင်း ပြောကြားခဲ့သည်။

မက္ကဆီကိုစီးတီးမြို့ခံများကို တွေ့ရစဉ်

လက်ရှိ အာဏာရ လက်ဝဲယိမ်းပါတီဖြစ်သည့် MORENA ကလည်း ကလော်ဒီယာသည် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဖြစ်လာလိမ့်မည်ဟု စက်တင်ဘာ ၆ ရက်က ပြောကြားခဲ့သည်။

ကလော်ဒီယာသည် မက္ကဆီကိုစီးတီး မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ယခုနှစ် ဇွန်လက သက်တမ်း ပြည့်ခဲ့ပြီး ရာထူးမှ ဆင်းခဲ့သူ ဖြစ်သည်။

၎င်း၏ ပြိုင်ဘက်ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း မာဆယ်လို အက်ဘ်ရက် (Mercelo Ebrard) ကမူ သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် MORENA ပါတီ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်မှု လုပ်ငန်းစဉ် ကို ဝေဖန်ခဲ့သည်။

 

မက္ကဆီကိုသမ္မတ အန်ဒရီ မန်နျူယယ် လိုပက်ဇ် အိုဘရာဒေါကို တွေ့ရစဉ်

သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နောက်ထပ် အမျိုးသမီး ကိုယ်စားလှယ်လောင်း တစ်ဦးမှာ စီးပွား ရေး လုပ်ငန်းရှင်အဖြစ်မှ နိုင်ငံရေးလောကထဲ ခြေချခဲ့သည့် ဆော်ချီ ဂဲလ်ဗက်ဇ် (Xochitl Galvez) ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ကလော်ဒီယာနှင့် ဂဲလ်ဗက်ဇ် တို့နှစ်ဦးထဲမှ တစ်ဦး အနိုင် ရရှိခဲ့မည်ဆိုပါက မက္ကဆီကိုနိုင်ငံ သမိုင်းမှာ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာမည် ဖြစ်သည်။

Source: ရိုက်တာ