CNI International News

မော်စကို၊ စက်တင်ဘာ ၈

အာရှ-ပစိဖိတ်ဒေသအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် နေတိုး၏ အားထုတ်ကြိုးပမ်းမှုများကြောင့် ထိုဒေသတွင် စစ်ရေးအသွင်ဆောင်သည့် အန္တရာယ်များ ဖြစ်ပွားလာနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov)က အရှေ့အာရှ ညီလာခံ၌ ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

"အာရှ-ပစိဖိတ်ဒေသမှာ နေတိုးတပ်ဖွဲ့တွေရဲ့ ထိုးဖောက်ဝင်ရောက်မှု၊ အနောက်နိုင်ငံတွေက ဖန်တီးခဲ့တဲ့ ကွန်ရက် တွေနဲ့ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ (AUKUS) အဖွဲ့ရဲ့ ထိပ်တိုက်တွေ့တဲ့ အစီအစဉ်တွေကြောင့် အရှေ့အာရှ မှာ စစ်ရေး အသွင်ဆောင်တဲ့ အန္တရာယ်တွေကို ဖြစ်လာစေခဲ့ပါတယ်" ဟု လာဗရော့ဗ်က ပြောသည်။ 

ဒေသတွင်း သာတူညီမျှမှု ရှိစေရေးနှင့် လုံခြုံရေးတို့ကို ထောက်ခံပေးထားသော ရုရှား၏ ခိုင်မာသည့် ရပ်တည်ချက် နှင့် မိတ်ဖက်နိုင်ငံများအတွက် ဖွံ့ဖြိုးတိုးတက်မှု ရှိစေသော ရုရှား၏ လုပ်ဆောင်မှုများကို  သံတမန်များက အလေး ထား ပြောကြားခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ခဲ့သည်။

အရှေ့အာရှ ညီလာခံကို ကျင်းပနေစဉ်

"အာဆီယံရဲ့ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှု စနစ်ထဲမှာ နိုင်ငံပေါင်းစုံ ပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်ရေး ယန္တရား တွေကို ထိန်းသိမ်းရေးဟာ အရေးကြီးပါတယ်။ အပြန်အလှန် လေးစားမှု၊ အကျိုးစီးပွားတွေနဲ့ အများသဘော ဆန္ဒ တွေအပေါ် အခြေခံပြီး နိုင်ငံရေးသဘော သက်ဝင်ခြင်းမရှိတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ အရေးကြီးပါတယ်"ဟု လာဗရော့ဗ်က ပြောသည်။

အရှေ့အာရှညီလာခံ၏ မူဘောင်အတွင်း လက်တွေ့ကျသည့် လုပ်ဆောင်ချက်များကို မြှင့်တင်မှု၏ အရေးကြီးပုံကို လည်း လာဗရော့ဗ်က အလေးထား ပြောဆိုခဲ့သလို အာရှ-ပစိဖိတ်ဒေသတွင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ အကြား ခိုင်မာသော ဆက်ဆံရေးများ ထူထောင်ရန်၊ ခရီးသွားကဏ္ဍကို မြှင့်တင်ရန်၊ ကပ်ရောဂါ၏ ခြိမ်းခြောက်မှု များကို တုံ့ပြန်ရန် ရုရှား၏ အစီအစဉ်များအား ထုတ်ဖော်ပြောခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့သည်။

"ရုရှားဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) နဲ့ ယူရေးရှား စီးပွားရေး သမဂ္ဂ (EAEU) တို့အကြား ခိုင်မာတဲ့ ထိတွေ့ဆက်ဆံမှုတွေကို တိုးမြှင့်ဖို့ အပါအဝင် ပူးတွဲ ဖွံ့ဖြိုးတိုးတက်ရေး စိတ်ဓာတ်နဲ့အတူ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာတဲ့ မူဘောင်တစ်ခု ရေးဆွဲဖို့ အာရုံစိုက် လုပ်ဆောင်နေတယ်ဆိုတာ အတည်ပြုပါတယ်" ဟု လာဗရော့ဗ်က ပြောသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ်ကို တွေ့ရစဉ်

အရှေ့အာရှ ညီလာခံကို စက်တင်ဘာ ၇ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

ထိုညီလာခံကို နှစ်စဉ်ပြုလုပ်နေကျ အာဆီယံ အစည်းအဝေးများအပြီးတွင် ပြုလုပ်လေ့ရှိသည်။

အာဆီယံအစည်းအဝေးနှင့် အရှေ့အာရှညီလာခံကို လာဗရော့ဗ်က ရုရှားနိုင်ငံကိုယ်စားပြုပြီး တက်ရောက်ခဲ့သည်။

အာရှ-ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံများအကြား မဟာဗျူဟာမြောက် ဆွေးနွေးမှု၊ လုံခြုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု၊ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် အရှေ့အာရှ ညီလာခံအား  ၂၀၀၅ ခုနှစ်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ထိုညီလာခံကို အာဆီယံနိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့အပြင် ရုရှား၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့လည်း တက်ရောက်ခဲ့သည်။ 

အာဆီယံအဖွဲ့ဝင်ဖြစ်ရန် အဆိုပြုခံထားရသည့်် အရှေ့တီမောနိုင်ငံကိုလည်း ယခုနှစ် အရှေ့အာရှညီလာခံကို တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

 

 

 

 

 

Source: တာ့စ်