CNI International News
မော်စကို၊ ဇွန်လ ၂၀
အနောက်နိုင်ငံများသည် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ရုရှားနိုင်ငံအား မတည်မငြိမ်ဖြစ်စေရေး ၎င်းတို့၏ ရည်ရွယ်ချက်ကို ဗြောင်ကျကျ လုပ်ဆောင်လာသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ (Sergey Lavrov) က ဇွန်လ ၁၉ ရက်တွင် ပြောခဲ့သည်ဟု တာ့စ်သတင်းမှ ဖော်ပြခဲ့သည်။
အချုပ်အခြာ အာဏာပိုင် နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်သည့် မလိုမုန်းထားသော လုပ်ရပ်များ ပေါ်ပေါက်လျက်ရှိသည်ဟု လာဗရော့က ပြောသည်။
အာဏာရ ညီညွတ်သော ရုရှားပါတီ၏ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုနှင့် ပြည်ပရောက် နိုင်ငံသားများအား ထောက်ပံ့ရေး ကော်မရှင်၏ အစည်းအဝေး မိန့်ခွန်းတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အနောက်အုပ်စုသည် အထူးသဖြင့် လာမည့်နှစ် သမ္မတရွေးကောက်ပွဲ မတိုင်ခင် ရုရှားနိုင်ငံအား မတည်မငြိမ် ဖြစ်စေရေး ၎င်းတို့၏ ရည်ရွယ်ချက်ကို ဗြောင်ကျကျ လုပ်ဆောင်လာသည်ဟုလည်း ၎င်းက ပြောသည်။
လာဗရော့က အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စု စုပေါင်းအဖွဲ့သည် ရုရှားနိုင်ငံကို ကြားခံ စစ်ပွဲ ဆင်နွဲနေ သည်ဟု ပြောသည်။
ယူကရိန်းအစိုးရသည် လက်ကိုင်တုတ် တစ်ခုအဖြစ် အသုံးချခံနေရကြောင်း၊ ယူကရိန်းရှိ နာဇီဝါဒီများသည် ခေတ်မီ လက်နက်များ၊ ခဲယမ်းများ အထောက်အပံ့ ရရှိနေသလို နိုင်ငံခြားမှနည်းပြများနှင့် ကြေးစားများလည်း ရောက်ရှိနေကြောင်း လာဗရော့က ညည်းတွား ပြောကြားခဲ့သည်။
ဘိုင်ဒန်နဲ့ ဇာလန်းစကီးကိုတွေ့ရစဉ်
ရုရှား၏ ရန်သူများက ဗြောင်ကျကျ လုပ်ဖော်ဆောင်နေသည့် ရည်ရွယ်ချက်များတွင် ရုရှားစစ်တပ်အား စစ်မြေပြင်တွင် နှိမ်နင်းရေး၊ ရုရှား၏ နိုင်ငံရေးနှင့်စီးပွားရေး အချုပ်အခြာအာဏာကို နှောင့်ယှက်ရေးနှင့် ရုရှားအား ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေး စာမျက်နှာ၏ အစွန်အဖျားသို့ ပို့ဆောင်ရေးတို့ ပါဝင်နေသည်ဟုလည်း လာဗရော့က ပြောသည်။
ထိုမူဝါဒသည် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကာ နာမည်ဆိုးဖြင့် ထင်ရှားသော နိုင်ငံတကာ ဥပဒေများကို အခြေခံသည့် သမ္မာစဉ်ကို လက်မခံသည့် လူတိုင်းကို အပြစ်ပေးရန် ကြိုးပမ်းခြင်း ဖြစ်သည်။
ထို့နောက် ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုကို ထိန်းသိမ်းရန် ကြိုးပမ်းသည့် အမေရိကန်နှင့် နေတိုးအဖွဲ့တို့၏ လုပ်ရပ်များနှင့်လည်း ကိုက်ညီမှု ရှိကြောင်း၊ အမေရိကန်များသည် တရုတ်အား ထိန်းချုပ်နိုင်ရန် ၎င်းတို့ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမည်ဆိုခြင်းကိုလည်း ကွယ်ဝှက်မထားကြောင်း လာဗရော့ဗ်က အဆုံးသတ် ပြောဆိုခဲ့သည်။
Source: တာ့စ်