CNI International News
ဘေဂျင်း၊ ဇွန်လ ၂၀
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် (Antony Blinken) သည် ဇွန်လ ၁၉ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် တွေ့ဆုံခဲ့ကာ ဆိုးဆိုးရွားရွား ပျက်စီးနေသော အမေရိကန် - တရုတ် ဆက်ဆံရေးကို တည်ငြိမ်အောင် ဆောင်ရွက်ရန် သဘောတူညီခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ရှီနှင့် တွေ့ဆုံပြီးနောက်တွင် တရုတ်သည် စစ်တပ် အချင်းချင်း ဆက်သွယ်မှု လုပ်ဆောင်ရန် အဆင်သင့် မဖြစ်သေး ဟု ဘလင်ကင်က ပြောသည်။
ထိုသို့ ဆက်သွယ်မှုသည် အထူးသဖြင့် ထိုင်ဝမ်အရေးနှင့် ပတ်သက်သော မှားယွင်းတွက်ချက်မှုနှင့် ပဋိပက္ခကို ရှောင်လွဲရန် အရေးပါသည်ဟု အမေရိကန်ဘက်က ရှုမြင်ထားသည်။
မည်သို့ပင်ဆိုစေကာမူ ဘလင်ကင်၏ တရုတ်ခရီးစဉ်သည် အသစ်တစ်ဖန် စတင်ခြင်းကို ထင်ဟပ်စေသည်ဟု တရုတ်ထိပ်တန်း သံတမန်တစ်ဦးဖြစ်သူ ယန်တာအို (Yang Tao) က ပြောသည်။
ဘလင်ကင်နဲ့ ဝမ်ယိကိုတွေ့ရစဉ်
စစ်တပ်အချင်းချင်း အပြန်အလှန် ဆက်ဆံမှု လုပ်ဆောင်ရန် ဘာအတွက်ကြောင့် ခက်ခဲနေသည်လဲ ဆိုခြင်းကို အမေရိကန်ဘက်က အပြည့်အဝ သတိပြုမှုမိကြောင်း ၎င်းကပြောသလို အမေရိကန်တို့၏ ပိတ်ဆို့အရေးယူမှု များကိုလည်း ပြစ်တင် ပြောဆိုခဲ့သည်။
ဘလင်ကင်၏ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ဖြစ်ပေါ်လာသည့် တိုးတက်မှုများနှင့် ပတ်သက်၍ စိတ်ကျေနပ်မိ ကြောင်း ဘလင်ကင်နှင့်ရှီတို့ နှစ်ဖက်စလုံးက ထုတ်ပြန် ကြေညာခဲ့သည်။
သို့သော် ပြီးခဲ့သည့်နှစ် တရုတ်သမ္မတ ရှီနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တို့ ဘာလီ ညီလာခံတွင် သဘောတူညီခဲ့သည့် ပူပေါင်းဆောင်ရွက်မှုနှင့် ယှဉ်ပြိုင်ခြင်းဆိုင်ရာ ကျယ်ပြန့်သော အစီအစဉ်များဆီသို့ ပြန်သွား ရေး နှစ်ဦး သဘောတူ ဆုံးဖြတ်ချက် တစ်ခုမှလွဲ၍ ကျန်သည့် သဘောတူညီမှုဆိုင်ရာ ကိစ္စရပ်များကိုတော့ ထောက်ပြခဲ့ခြင်း မရှိပေ။
ထို့အပြင် ရရှိခဲ့သည့် နားလည်မှုများသည် နိုင်ငံတကာ အရေးကိစ္စနှင့် ပတ်သက်မှုများစွာ ရှိနေသည့် ၎င်းတို့၏ အရေးပါဆုံး သဘောထား ကွဲလွဲမှုများကို ဖြေရှင်းနိုင်မည်လား ဆိုခြင်းကလည်း မကွဲပြားသေးပေ။
မည်သို့ပင်ဆိုစေကာမူ နှစ်ဖက်စလုံးသည် ၅ နှစ်တာ ကာလအတွင်း ရာထူးအမြင့်ဆုံးသော အမေရိကန် အရာရှိ တစ်ဦး၏ တရုတ်ခရီးစဉ်မှ ထွက်ပေါ်လာသော အရာများအပေါ် ကျေနပ်မှုရှိသည်ဟု ပြောသည်။
ဘလင်ကင် တရုတ်ကနေ ပြန်လည်ထွက်ရန် လေယာဉ်ပေါ်တက်နေစဉ်
နောက်ထပ် ဆွေးနွေးပွဲများကို ထပ်မံ ကျင်းပရန် ဆန္ဒရှိသည်ဟုလည်း နှစ်ဖက်စလုံးက ဖော်ပြခဲ့သည်။
သို့သော် ထိုဆွေးနွေးပွဲတွင် ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေး၊ တရုတ်နှင့် ဟောင်ကောင်းတို့မှ လူ့အခွင့်အရေး အခြေ အနေများ၊ တောင်တရုတ် ပင်လယ်အတွင်း တရုတ်စစ်တပ်၏ နယ်မြေပိုင်ဆိုင်ကြောင်း ကြေညာမှု စသည့် ကိစ္စ ရပ်များ ပါဝင်စေရန် ပြင်ဆင်ထားခြင်း မရှိသေးကြောင်း သိရသည်။
ထို့အပြင် ရုရှားနှင့် ယူကရိန်းစစ်ပွဲ အခြေအနေကိုလည်း ဆွေးနွေးပွဲမှာ မပါလိုကြောင်း တရုတ်ဘက်က သဘောထားရှိနေသည်။
အမေရိကန်သည် တရုတ်ခရီးစဉ်အတွက် ကန့်သကတ်ထားသည့် ရည်ရွယ်ချက်များ ချမှတ်ခဲ့ကာ ယင်းတို့ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဘလင်ကင်က နောက်ပိုင်းတွင် ပြောသည်။
တွေ့ဆုံပွဲအတွင်း စစ်တပ် အချင်းချင်း ထိတွေ့ဆက်ဆံရန် ကိစ္စကို ထပ်ဖန်တလဲလဲ ပြောဆိုခဲ့သည်ဟုလည်း ဘလင်ကင်က ပြောသည်။
လန်ဒန်တွင် ပြုလုပ်မည့် ယူကရိန်ပြန်လည် တည်ဆောက်ရေးဆိုင်ရာ ညီလာခံသို့ မထွက်ခွာမီ သတင်းသမားများ ကို ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
Source: AP