CNI International News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

ဗြိတိန်မှ တရုတ်ပြည်မကြီးသို့ ဟောင်ကောင်အား လွှဲပြောင်းပေးအပ်သည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်မည်ဖြစ်သည့်အတွက် ဟောင်ကောင်မှာ လုံခြုံရေးတင်းကြပ်ထားသည် ကိုတွေ့ရသည်။

အဆိုပါ အခမ်းအနား ကျင်းပရေးအတွက် ဟောင်ကောင်မြို့တွင်း နေရာတချို့ သွားလာမှု ပိတ်ထားသလို တချို့နေရာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြားချ၍ စောင့်ကြည့်ခြင်းများ ပြုလုပ်လျက်ရှိသည်။

အလားတူ စာနယ်ဇင်းသမားများကိုလည်း ကန့်သတ် ပိတ်ပင်မှုများ တချို့ပြုလုပ်ထားကြောင်း AFP က ရေး သားထားသည်။

ဟောင်ကောင်က လုံခြုံရေးတပ်ဖွဲ့ဝင်များ လူစည်ကားရာနေရာမှာ လုံခြုံရေးယူနေစဉ်(AFP)

ဗြိတိန်သည် ဟောင်ကောင်ကျွန်းကို တရုတ်ပြည်မကြီးသို့ ၁၉၉၇ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့တွင် ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ရာ ယခု ၂၅ နှစ်ပြည့်ခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ဟောင်ကောင် လွှဲပြောင်းပေးအပ်ခြင်း ၂၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဟောင်ကောင်မှာ ကျင်းပသွားရန် ပြင်ဆင်နေပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က အခမ်းအနားတက်ရောက်ရန် ဟောင်ကောင်သို့ ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၁ ရက်နေ့အထိ လာရောက်မည်ဖြစ်သည်။