CNI International News

ဘန်ကောက်၊ ဇွန်လ ၂၀

ရွေးကောက်ခံ လွှတ်တော်အမတ် ၄၀၀ နှင့် ပါတီကိုယ်စားပြု အမတ် ၁၀၀ တို့ကို အတည်ပြုခဲ့ပြီဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင် (EC) က ကြေညာခဲ့သည်ဟု Thai PBS တွင် ဖော်ပြထားသည်။

ထို့နောက် အမတ်များအနေဖြင့် ၎င်းတို့၏ အထောက်အထား လက်မှတ်များကို ဇွန်လ ၂၄ ရက်အတွင်း ထုတ်ယူနိုင်မည် ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်က ပြောသည်။ 

သို့သော် အမတ်များအနေဖြင့် ချိုးဖောက်မှု တစ်စုံတစ်ရာ ရှိသည်ဆိုသည့် သက်သေ ထွက်ပေါ်လာသော အခြေအနေတွင် ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးခွင့် ရှိနေဆဲ ဖြစ်သည်ဟုလည်း EC ၏ အထွေထွေအတွင်းရေး မှူးချုပ် ဆာဝန် ဘွန်မီး (Sawaeng Boonmee) ကပြောသည်။ 

၎င်းသည် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောခဲ့ခြင်းဖြစ်သည်။ 

ထိုင်းရွေး/ကော် အထွေထွေအတွင်းရေး မှူးချုပ် ဆာဝန် ဘွန်မီးကို တွေ့ရစဉ်

EC သည် ရလဒ်ကို ပယ်ချက်ရေးနှင့် ရွေးကောက်ပွဲသစ် ကျင်းပရေးအတွက် ဗဟိုတရားရုံးချုပ်သို့ အသနားခံစာ တင်နိုင်သည်။ 

ယင်းတို့ကို မေလ ၁၄ ရက် ရွေးကောက်ပွဲနှင့် တစ်နှစ်တာ ကာလအတွင်း အပြီးသတ် လုပ်ဆောင်ရမည်လည်း ဖြစ်သည်။ 

လက်ရှိ စုံစမ်းစစ်ဆေးမှုများကို ရက် ၆၀ အတွင်း အပြီးသတ် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အတွက် EC သည် ရလဒ်များကို အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံအတွက် မျှတမှုရှိရမည် ဖြစ်ကြောင်း၊ တင်ပြထားသော စာရွက်စာတမ်းတိုင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆာဝန်က ပြောသည်။
 
ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများအတွက် ခိုင်လုံမှုရှိသည့် မဲအရေအတွက် ၃၁,၅၂၂,၆၉၈ ခုရှိပြီး အမတ် တစ်ဦးလျှင် ၃၇၅,၂၂၆ မဲ အချိုးဖြစ်ကြောင်း၊ ထို့ကြောင့် ပါတီကိုယ်စားပြု စနစ်ဖြင့် လွှတ်တော်သို့ ရွေးကောက်ခံ ရသည့် ပါတီစုစုပေါင်း ၁၇ ခု ရှိရမည်ဖြစ်ကြောင်းလည်း ဆာဝန်က ပြောသည်။ 

Move Forward ပါတီသည် ပါတီကိုယ်စားပြု စနစ်တွင် လွှတ်တော် ကိုယ်စားလှယ် အများဆုံး ၃၉ ဦး ရရှိခဲ့ပြီး သူ၏နောက်တွင် Phue Thai ပါတီက ၂၉ ဦး၊ United Thai Nation က ၁၃ ဦး၊ Democrats နှင့် Bhumjaithai တို့က ၃ ဦးစီ၊  Prachachat ပါတီက ၂ ဦးနှင့် ကျန် ၁၁ ပါတီက တစ်ဦးကျတို့ ပါဝင်သည်။

Source: Thai PBS