CNI International News

ဘရပ်ဆဲလ်၊ ဇွန်လ ၆

ရုရှားအနောက်ပိုင်းဒေသကို ယူကရိန်းလိုလားသော တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှုတွင် ယူကရိန်း အစိုးရသို့ ထောက်ပံ့ပေးထားသော ဘယ်လ်ဂျီယံလုပ် ရိုင်ဖယ်သေနတ်များ ပါဝင်နေခြင်းအပေါ် စုံစမ်းစစ်ဆေးမှု လုပ်ဆောင် သွားမည်ဟု ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန္ဒား ဒီခရိုး (Alexander De Croo) က ပြောကြောင်း အယ်ဂျာဇီးလ် ယား သတင်းတွင် ဖော်ပြထားသည်။

The Washington Post တွင် သတင်းဖော်ပြခဲ့ပြီးနောက် ဇွန်လ ၅ ရက်တွင် ဒီခရိုးက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ် သည်။

ပြီးခဲ့သည့်လ ရုရှားပိုင်နက် ဘယ်လ်ဂိုရော့ဒ် (Belgorod) ဒေသသို့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှု လုပ်ဆောင် ခဲ့သည့် Freedom of Russia Legion နှင့် Russian Volunteer Corps တို့ကဲ့သို့ ရုရှားကို ဆန့်ကျင်သော တိုက် ခိုက်ရေး သမားများသည် အမေရိကန်နှင့်ပိုလန်တို့က ယူကရိန်းအစိုးရသို့ ထောက်ပံ့ထားသော ယာဉ်များကို အသုံးပြုကာ ဘယ်လ်ဂျီယံနှင့် ချက်နိုင်ငံလုပ် ရိုင်ဖယ်များကို ကိုင်ဆောင်ထားသည်ဟု သတင်းတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

သတင်းတွင် ဖော်ပြထားသည့်အတိုင်း မှန်/မမှန် ဆိုခြင်းကို သိရှိရန်အတွက် ကာကွယ်ရေးအေဂျင်စီများသည် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ကာ အချက်အလက်များ စုဆောင်းနေသည်ဟု ဒီခရိုးက Radio 1 သို့ ပြောသည်။

ယူကရိန်းမြေကို ကာကွယ်ရေးအတွက် သီးသန့် ယူကရိန်းမြေပေါ်တွင်သာ အသုံးပြုရန် ဥရောပထုတ် လက်နက် များကို ယူကရိန်းအစိုးရသို့ ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုလက်နက်များ အသုံးပြုခြင်းကို တင်းကြပ်စွာ ကန့် သတ် ထားကြောင်းလည်း ၎င်းက ပြောသည်။

ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန္ဒား ဒီခရိုးကို တွေ့ရစဉ်

ယခုကိစ္စကို ဘယ်လ်ဂျီယံနိုင်ငံဘက်က အလေးအနက်ထား ကိုင်တွယ် ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်က ပြောသော်လည်း စုံစမ်းစစ်ဆေးမှုများတွင် မှန်ကန်ကြောင်း တွေ့ရှိခဲ့ပါလျှင် မည်သို့ အရေးယူ ဆောင်ရွက်မည်ကို တော့ ဖြေဆိုရန် ငြင်းဆန်သွားခဲ့သည်။

အမေရိကန်၏ လက်နက်များနှင့် စစ်ယာဉ်များကို ဘယ်လ်ဂိုရော့ဒ်ရှိ နယ်စပ် ဖြတ်ကျော် တိုက်ခိုက်မှုများတွင် အသုံးပြုနေသည် ဆိုခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမည်ဟုလည်း အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဂျွန်ကာဘီ (John Kriby) က ပြောသည်။

ပြီးခဲ့သည့်လ အယ်ဂျာဇီးလ်ယားနှင့် အင်တာဗျူး အစီအစဉ်တစ်ခုတွင် Freedom of Russia Legion အဖွဲ့၏ နိုင်ငံရေး ကိုယ်စားလှယ်ဖြစ်သူ အီယာ ပိုနိုမာရတ်ဗ် (Ilya Ponomarev) က အထက်ဖော်ပြပါ တပ်ဖွဲ့နှစ်ခုသည် အပြည်ပြည်ဆိုင်ရာတပ်ဖွဲ့ဝင်များ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့စာရင်းတွင် ပါဝင်နေခြင်းကြောင့် ရိုင်ဖယ်နှင့် စက်သေနတ်ကဲ့သို့ အခြေခံစစ်ဘက်သုံး အသုံးအဆောင်များသည် ယူကရိန်းရှိ တိုက်ခိုက်ရေးသမားများ၏ ပုံမှန် အသုံးအဆောင်များသာ ဖြစ်သည်ဟု ပြောခဲ့သည်။

ရုရှားပိုင်နက် ဘယ်လ်ဂိုရော့ဒ် (Belgorod)ဒေသကိုတွေ့ရစဉ်

သာမာန် အသုံးအဆောင် လက်နက်များသည် စစ်တပ်ထံမှ ရရှိကြောင်း၊ ကျန်သည့် လက်နက်ကြီးများမှာ တိုက်ပွဲ အတွင်းသိမ်းဆီး ရမိခြင်းဖြစ်ကြောင်း၊ တင့်ကားများကဲ့သို့ အကြီးစား စစ်လက်နက်များကို ရုရှားတပ်များ ဆုတ်ခွာ သွားကာ ခါကိ (Kharkiv) ဒေသမှ ရရှိခြင်းဖြစ်ကြောင်း၊ ယင်းတို့ကို ဘယ်လ်ဂိုရော့ဒ် တိုက်ပွဲတွင် ပြန်လည် အသုံး ပြုနေခြင်းဖြစ်ကြောင်း ပြောသွားခဲ့သည်။

စေတနာဝန်ထမ်း တိုက်ခိုက်ရေးသမားများ၏ ရုရှားဘက်သို့ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခြင်းတွင် ယူကရိန်းစစ်တပ် ပါဝင် ပတ်သက်မှု ရှိသည်ဟုလည်း ယူကရိန်းအရာရှိများက ပြောသည်။

Source: အယ်ဂျာဇီးလ်ယာ