CNI News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၅

Brave Eagles (UG)အဖွဲ့မှ ရန်ကုန်မြို့အတွင်းသို့ ဝင်ရောက်၍ ဇွန်လ ၅ ရက်နေ့က ကျောက်တံတားမြို့နယ်ရှိ အခွန်ရုံးနှင့် အရှေ့ဒဂုံမြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ရုံးတို့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ သည်ဟု Brave Eagles(UG)က ထုတ်ပြန်ခဲ့သည်။

Brave Eagles (UG)အဖွဲ့မှ ရန်ကုန်မြို့အတွင်းသို့ ဝင်ရောက်ကာ ဇွန်လ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် က ကျောက်တံတားမြို့နယ်၊ ၄ ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၃) သုံးထပ်ထိ တက်ရောက်၍ ချိန်ကိုက်မိုင်း အသုံး ပြုပြီး မစ်ရှင်ဖော်ဆောင်ခဲ့ပါသည်ဟု ယနေ့ (ဇွန်လ ၅ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် Non CDM ဒုဦးစီးအရာရှိ၊ ဝန်ထ

န်မ်း ၃ ဦးနှင့် အခွန်ဆောင်သည့် ပြည်သူ ၂ ဦး ထိခိုက်ခဲ့ ကြောင်း၊ ပြည်သူများ နစက(မူရင်း- စစ်ကောင်စီ)၏ ထောက်တိုင် အဆောက်အဦများနှင့် ဝေးဝေးနေပေးကြပါ ရန် မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်ဟု Brave Eagles (UG)အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဒုတိယမစ်ရှင် အနေဖြင့် ညနေ ၇ နာရီ ၅ မိနစ်တွင် အရှေ့ဒဂုံမြို့နယ်ရှိ USDP ရုံးကို အဝေးထိန်းမိုင်း ဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ မြေပြင်ထိခိုက်မှု အခြေအနေကို မသိရှိရသေးကြောင်း၊ ရဲဘော်များ ဘေးကင်း စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Brave Eagles (UG)အဖွဲ့က “ ပစ်မှတ်(၁)နှင့် (၂) ကို အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားလည် ပတ်မှု ထောက်တိုင်အနေဖြင့် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်”ဟု ပြောသည်။

မိမိတို့အနေဖြင့် နစက၏ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေးများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ ထောက်ခံအားပေး ဝန်းရံနေသော မည်သည့် ထောက်တိုင်ကိုမဆို ဒဏ်ခတ်အရေးယူ တိုက်ခိုက်ခြင်းကို ဆက်လက် အရှိန်မြှင့် လုပ်ဆောင်သွားမည်ကြောင်း၊ ပြည်သူများအနေဖြင့် နစက၏ ဒေါက်တိုင် အဖွဲ့အစည်း များနှင့် အဆောက်အဦများအနီးသို့ ဖြတ်သန်းသွားလာခြင်း မပြုဘဲ ဝေးဝေးမှ ဂရုစိုက် ရှောင်ရှားသွားရန် မေတ္တာရပ်ခံအပ်ပါသည်ဟု Brave Eagles (UG)အဖွဲ့က ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီက ကျောက်တံတားမြို့နယ်၊ ၄ ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း နှင့် ကုန်သည်လမ်းထောင့်၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၃)၊ ၃ လွှာ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

လူတစ်ဦးသည် ပြည်တွင်းအခွန်များ ဦးစီးဌာန အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၃)၊ ၃ လွှာရှိ ကုမ္ပဏီများဆိုင်ရာ အခွန်ဌာနသို့ မြေညီထပ်မှ လှေကားအတိုင်း တက်လာကာ အများပြည်သူ သံထိုင်ခုံဘေး၌ အထုပ် ၁ ထုပ်အားချ၍ လှေကားအတိုင်း ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ၎င်းအထုပ်အတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပေါက်ကွဲမှု ဖြစ်စေခဲ့သူအား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။