CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀

ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NS PNC)ရုံးမှာ ယနေ့ (ဇန်နဝါရီ ၂၀ ရက်) နေ့လယ် ၁ နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ NSPNC ရုံးဝင်းအတွင်းသို့ ဗုံး ၂ လုံး ပစ်သွင်းခဲ့ရာ တစ်လုံး ပေါက်ကွဲခဲ့ပြီး တစ်လုံးမှာ မပေါက်ကွဲ ဘဲ ကျန်နေရာမှ လုံခြုံရေးတပ်ဖွဲ့က ဖောက်ခွဲခဲ့ရကြောင်း သိရသည်။

ပေါက်ကွဲခဲ့သော ဗုံးသည် NSPNC ရုံး ခြံဝင်းအတွင်းရှိ ကားများ ရပ်နားသည့် အမိုးပေါ်သို့ ကျရောက်ခဲ့ရာ ကား သုံးစီး ပျက်စီးခဲ့ခြင်း ဖြစ်သည်။

NSPNC နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ်

အဆိုပါ NSPNC ရုံးသည် တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးမှုများ ပြုလုပ်လေ့ရှိသော နေရာဖြစ်သည်။

ရန်ကုန်မြို့ရှိ NSPNC ရုံးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး နစကသတင်းထုတ်ပြန်ရေးအဖွဲ့သို့ ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။