CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀

အခြေခံအကျဆုံးဖြစ်သည့် တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံးအဆင့်ထိ ရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူရမည်ဖြစ်ကြောင်း နစက၏ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၀ ရက်)တွင် ကျင်းပသည့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင် ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ၎င်းက အထက်ပါအတိုင်း ပြောသွားခဲ့သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း “စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ ဖြစ်ပေါ်လာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ် လာစေရေးအတွက် အခြေခံအကျဆုံး ဖြစ်သည့် တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားရေး အခြေအနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံး အဆင့်ထိ ရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူရမည်”ဟု ပြောသည်။

ထို့အပြင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ဆိုးကြီး၏ အကျိုးဆက်များကို ဆန်းစစ်လေ့လာ သုံးသပ်ရန် နှင့် ပြန်လည်ကုစားရေး အစီအစဉ်များကို စနစ်တကျ ရေးဆွဲနိုင်ရန် တိကျမှန်ကန်သည့် စာရင်းအင်း အချက် အလက်များလည်း လိုအပ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူမှု သမိုင်းမှာ လွတ်လပ်ရေး မရမီကာလ ၁၈၇၂ ခုနှစ်၊ ၁၈၈၁ ခုနှစ်၊ ၁၈၉၁ ခုနှစ်၊ ၁၉၀၁ ခုနှစ်၊ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ်နှင့် ၁၉၄၁ ခုနှစ်တို့တွင် ၈ ကြိမ် ကောက်ယူခဲ့ ကြောင်း သိရသည်။

ထို့နောက် လွတ်လပ်ရေးရပြီးနောက် ၁၉၅၃ ခုနှစ်၊ မတ်လတွင် မြို့နယ်ပေါင်း ၂၅၂ မြို့နယ်နှင့် ချင်းပြည်နယ်ကို လည်းကောင်း၊ ၁၉၅၄ ခုနှစ်၌ မြန်မာပြည် ပြည်မကျေးရွာအုပ်စု ၂၁၄၃ ခုနှင့် ကချင်ပြည်နယ်ရှိ ကျေးရွာအုပ်စု ၁၀၁၆ ခုတွင် လည်းကောင်း လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကောက်ယူနိုင်ခဲ့သည်မှာ ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ရှိကြောင်း သိရသည်။

ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သန်းခေါင်စာရင်း ကောက်ယူရမည်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ် လေ့လာ သုတေသနပြုလုပ်ပြီး လိုအပ်သည့် မူဝါဒများ၊ မဟာဗျူဟာနှင့်နည်းဗျူဟာများကို ချမှတ်နိုင်ရန် ဆောင်ရွက်ရမည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

လက်ရှိတွင် နစက၏ လ.ဝ.ကမှ တာဝန်ရှိသူများသည် လူဦးရေ စာရင်းများကို မြို့နယ်အနှံ့လိုက်လံ ကောက်ယူလျက်ရှိနေကြောင်း သိရသည်။

အဆိုပါ လူဦးရေ စာရင်းကောက်ယူမှုများသည် နစက ကျင်းပမည့် ရွေးကောက်ပွဲအတွက် အထောက်အကူ ဖြစ်စေမည့်အတွက် နွေဦးတော်လှန်ရေး အင်အားစုများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းဖြင့် ဟန့်တား မှုများ ပြုလုပ်လျက်ရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံး (၉)ခု မီးရှို့ဖျက်ဆီးခံထားရသည်။