CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က ချမှတ်ခဲ့သော စုပေါင်းမူ (သို့မဟုတ်) အကြောင်းအရာများကို မိမိတို့က ၅ ဖွဲ့က ရှေ့ထွက် ဆွေးနွေးနေခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

PPST အဖွဲ့ဝင် ၁၀ ဖွဲ့အနက် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RC SS)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ မွန် ပြည်သစ်ပါတီ(NMSP)တို့သည် အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ကြောင်း စာတင်ခဲ့ကြသလို အပြည့်အဝ ပူးပေါင်း ပါဝင်မှုအဆင့်ကိုလည်း လျှော့ချထားသည်။

ထို့နောက် PPST တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(AL P)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီတို့က D5PM(Delegation 5 PPST’s Member)ကို ဖွဲ့စည်း၍ နစက၏ နိုင်ငံတော်ငြိမ်းချမ်း ရေးဆွေးနွေးရေးအဖွဲ့နှင့် ဇွန်လ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ နေပြည်တော်မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေး လျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က PPST ၇ ဖွဲ့ ကိုယ်စားလှယ်များကိုတွေ့ရစဉ်

PPST ၏ ၅ ဖွဲ့ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက “ PPST စတင် ဖွဲ့စည်းစဉ်က NCA လက်မှတ်ရေးထိုးထားကြတဲ့ EAO(၁၀)ဖွဲ့လုံး ပါဝင်လာခဲ့ပါတယ်။ အခြေအနေအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို အဆင့်အလိုက်၊ နှစ်အလိုက် ကြိုးပမ်းအကောင်အထည်ဖော်နိုင်ခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ်ဦးပိုင်း နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်လာပြီးနောက် PPST အဖွဲ့ဝင်အချို့ဟာ NCA ပြဋ္ဌာန်းချက်ပါမူများနှင့်ဆန့်ကျင်ပြီး အဖွဲ့ဝင်အဆင့် လျှော့ချကြပါတယ်။ ဒါကြောင့် PPST (၇)ဖွဲ့နဲ့ ၂၀၂၂ ခုနှစ်က စပြီးတော့ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲတွေမှာ တဖွဲ့ချင်းအလိုက်၊ ပြီးတော့ (၃) ဖွဲ့ တစ်စုနဲ့ နောက်ဆုံး (၇)ဖွဲ့အစုအဖွဲ့နဲ့ တပေါင်းတစည်းထဲ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ သို့သော် ဒီကနေ့ ပွဲမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့ (၅)ဖွဲ့အနေနဲ့သာ တပေါင်းတစည်းထဲစုပေါင်း ဆွေးနွေးရေးမူကို ဆက်လက်ကိုင်စွဲပြီး ပါဝင်ဆွေးနွေးလာရတာဖြစ်ကြောင်း ရှေးဦး စွာ တင်ပြ အစီအရင်ခံလိုပါတယ်”ဟု ဇွန်လ ၂၆ ရက်က ပြောသည်။

သို့သော် မိမိတို့ (၅) ဖွဲ့၏ မူသက်သက်မဟုတ်ကြောင်း၊ လွန်ခဲ့သည့် PPST (၁၀)ဖွဲ့စုံညီရှိစဉ် ကာလက စုပေါင်း ချမှတ်ခဲ့သည့် အကြောင်းအရာများကို မိမိတို့က တင်ပြ ဆွေးနွေးနေခြင်းဖြစ်ဟု ၎င်းက ပြောသည်။

၂၀၂၃ ခုနှစ်၊ မတ်လက NSPNC နဲ့ PPST ၇ ဖွဲ့ ကိုယ်စားလှယ် တွေ့ဆုံကြစဉ်

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ ကျနော်တို့ (၅) ဖွဲ့ရဲ့ မူသက်သက်တော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ PPST(၁၀) ဖွဲ့ စုံညီရှိ စဉ်ကာလက သော်လည်းကောင်း စုပေါင်းချမှတ်ထားခဲ့ကြတဲ့ အကြောင်းအရာများသာဖြစ်ပါတယ်။ ဒါကြောင့် မူလ PPST (၁၀)ဖွဲ့ကိုယ်စား၊ (၇)ဖွဲ့ ကိုယ်စား ကျနော်တို့ (၅)ဖွဲ့က ရှေ့ထွက်ဆွေးနွေးပေးနေပါတယ်ဆိုရင်လည်း မှားမယ်မထင်ပါ”ဟု ပြောသည်။

ထို့နောက် ဇွန်လ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ NSPNC နှင့် PPST ၅ ဖွဲ့ ကိုယ်စားလှယ်တို့ ဆွေးနွေးရာတွင် လည်းကောင်း၊ တစ်ဖွဲ့ချင်း သီးခြားဆွေးနွေးရာတွင်လည်းကောင်း ရရှိလာသော ရလဒ်များကို ပြန်လည်သုံးသပ် ခြင်းနှင့်တင်ပြခြင်းကို PPST အဖွဲ့ဝင်(မူလ) အတိုင်းပါဝင်သူ EAO များကို အသိပေး ဖြန့်ဝေမှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

NSPNC နှင့် PPST ၅ ဖွဲ့ ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်လိုသော အချက်များ၊ ယခင် ဆွေးနွေးပွဲများ၌ သဘောတူထားသည့် အချက်များအား အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စနှင့် မူးယစ်ဆေးဝါး တိုက်ဖျက် ရေးကိစ္စတို့ကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။