CNI International News

လန်ဒန်၊ ဇန်ဝါရီ ၆

တော်ဝင်မင်းသားနှစ်ဦး စကားများရန်ဖြစ်ခဲ့သည့် ဖြစ်စဉ်တစ်ခုအတွင်း မင်းသားဝီလျံက ညီဖြစ်သူ မင်းသား ဟယ်ရီကို ပုတ်ခတ်ပြောဆိုကာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟု မင်းသားဟယ်ရီ၏ စာအုပ်သစ် တွင် ထည့်သွင်းရေးသားထားကြောင်း The Guardian သတင်းစာက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

မင်းသားဟယ်ရီ၏ ကိုယ်တွေ့မှတ်တမ်းစာအုပ်သစ်ဖြစ်သော Spare ကို လာမည့် သီတင်းပတ်တွင် ထုတ်ဝေမည် ဖြစ်ကာ ယင်း၏ကနဦးမိတ္တူကို ရရှိထားသည်ဟု The Guardian က ဆိုသည်။ သတင်းတွင် ဖော်ပြချက်အရ ၂၀၁၉ ခုနှစ် ကန်ဆင်တန် (Kensington) နန်းတော် နေအိမ်၌ စကားများမှုတစ်ခုအတွင်း ဝီလျံက ဟယ်ရီ၏ ဇနီးဖြစ်သူ မင်းသမီးဟောင်း မီဂန်မာကယ် (Meghan Markle) ကို ပေါင်းသင်းရ ခက်ခဲသူ၊ ရိုင်းပြသူ၊ ကြမ်းတမ်းသူဟု ပြောခဲ့ ကြောင်း ဖော်ပြထားပြီး ဝီလျံသည် ဟယ်ရီကို ကော်လံမှဆွဲကာ ကိုင်ပေါက်ခဲ့သည်ဟုလည်း သတင်းစာတွင် ရေးသားထားသည်။ ခွေးစားခွက်ပေါ်ကို ပြုတ်ကျခဲ့ပြီး ခွက်လည်း ကွဲသွားခဲ့ကြောင်း၊ အကွဲစများက အသားထဲ စူးဝင်ခဲ့ကြောင်း မင်းသားက ရေးသားထားသည်ဟု သတင်းတွင်ဖော်ပြထားကာ အဆိုပါဖြစ်ရပ်ကြောင့် ပွန်းရာများအပြင် အသားကြေမှုပါဖြစ်ခဲ့သည်ဟု သိရသည်။ နောက်ပိုင်းတွင် ဝီလျံက ပြန်လည်တောင်းပန်ခဲ့ သည်ဟုလည်း သတင်း၏ကောက်နုတ်ချက်တွင် ပါရှိသည်။

မင်းသားဟယ်ရီ၏ စာအုပ်အသစ်အတွက် ပရိုမိုးရှင်း ပိုစတာ(ဓါတ်ပုံ-အေပီ)

Guardian ၏ သတင်းဖော်ပြမှုမတိုင်ခင် ဆယ်လီဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သော Page Six တွင်လည်း မင်းသား ဝီလျံနှင့် ဇနီးသည်ဖြစ်သူ ကိတ်တို့သည် ၂၀၀၅ ခုနှစ်ပါတီပွဲတစ်ခုအတွက် နာဇီဝတ်စုံကိုဝတ်ဆင်ရန် ဟယ်ရီကို တိုက်တွန်းခဲ့ဖူးသည်ဟုလည်း ရေးသားခဲ့ဖူးသည်။ သို့သော် ဘက်ကင်ဟမ်နန်းတော် (Buckingham Palace) အပြင် ဝီလျံ၏ ကန်ဆင်တန် နန်းတော် (Kensington Palace) တို့ဘက်မှ အဆိုပါရေးသားမှုများအတွက် တစုံတရာတုန့်ပြန်ထားခြင်းမရှိသေးပေ။

ဟယ်ရီ၏စာအုပ်အသစ်ကို လာမည့် အင်္ဂါနေ့တွင် ထုတ်ဝေမည်ဖြစ်ပြီး ယင်းနှင့်ဇနီးဖြစ်သူတို့၏ ဖွင့်ဟဖော်ထုတ်မှု များက ဗြိတိန်တော်ဝင်မိသားစုအပေါ်လှုပ်ခတ်မှုများ ပေါ်ပေါက်လာဦးမည်လည်းဖြစ်သည်။ အသက် ၃၈ နှစ် အရွယ်မင်းသားဟယ်ရီသည် အမေရိကန်မင်းသမီးဟောင်းနှင့် ၂၀၁၈ ခုနှစ် မေလတွင် ဝင်းဆောရဲတိုက် (Windsor Castle) တွင် လက်ထပ်ခဲ့သည်။

မင်းသား ဝီလျံနှင့် မင်းသားဟယ်ရီတို့ကို ၎င်းတို့၏ ဇနီးများနှင့်အတူ တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

လက်ထပ်ပြီး နှစ်နှစ်အကြာတွင် ၎င်းတို့စုံတွဲသည် တော်ဝင်အဆောင်အယောင်များကို စွန့်ခွာပြီး ကယ်လီဖိုးနီးယား သို့ ပြောင်းရွှေ့ခဲ့သည်။ မင်းသမီးအပေါ် ခွဲခြားဆက်ဆံမှုများနှင့် တော်ဝင် နန်းတော်၏ မင်းသမီးအပေါ် မကြည်ဖြူ မှုများကြောင့်ဟု အကြောင်းပြကာ ထိုသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ ၎င်းတို့သည် တော်ဝင်မိသားစုနှင့်ပတ်သက်သည့် ၎င်းတို့ဘက်မှ အမြင်များကို အော်ပရာဝင်းဖရေး (Oprah Winfrey) နှင့် အင်တာဗျူးပြုလုပ်ခဲ့သလို လွန်ခဲ့သောလက Netflix မှ ထုတ်လွှင့်ခဲ့သော အပိုင်း ခြောက်ပိုင်းပါ documentary တွင်လည်း ၎င်းတို့အပေါ် ဗြိတိန်မီဒီယာများ၏ဆက်ဆံမှု၊ တော်ဝင်မိသားစု၏ အမြင်မကြည်မှုတို့ကို ထုတ်ဖော်ခဲ့သည်။

Source:AP