CNI International News

ဒီမာပေါ၊ ဇန်နဝါရီ ၆

အဖွဲ့၏ ခွင့်ပြုချက်မပါဘဲ ကိုယ့်သဘောအတိုင်း လုပ်ဆောင်နေသည့်အတွက်ကြောင့် NSCN-K(Khango) အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ခန်ဂိုကွန်ယတ် (Khango Konyak)က အထွေထွေအတွင်းရေးမှူး အိုင်ဆတ် ဆူမီ (Isak Sumi) ကို ရာထူးမှထုတ်ပယ်၍ အပြစ်ပေးခဲ့သည်ဟု NORTHEAST News သတင်းတွင် ဖော်ပြထားသည်။

ကြာသပတေးနေ့တွင် ရရှိခဲ့သော အသိပေးစာ၌ ဆူမီသည် စုပေါင်းခေါင်းဆောင်မှု၏ ခွင့်ပြုချက်မရှိဘဲ အကြွင်းမဲ့ အာဏာများနှင့် လုပ်ဆောင်မှုများကို လုယူခဲ့မှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည် ကွန်ယတ်က ပြောသည်။

ထို့အပြင် ၎င်း(ဆူမီ)သည် အာဏာအလွဲသုံးစားမှုလုပ်ခြင်း၊ ဆွေမျိုးကောင်းစားရေးနှင့် တစ်ဦးတည်း အုပ်ချုပ်မှုဟု ကိုယ့်ကိုယ်ကို သတ်မှတ်ခြင်း စသဖြင့် စွဲဆိုခံထားရသည်။

အဆိုပါ လုပ်ဆောင်ချက်များသည် အခြေခံဥပဒေနှင့် စည်းမျဉ်းတို့ကို ချိုးဖောက်မှုဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။

ဆူမီအား အပြစ်ပေးမှုသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မှ စတင် အကျုံးဝင်ခဲ့ကြောင်းလည်း ကွန်ယတ်က ပြောသည်။

NSCN-K (Khango) မှ ခေါင်းဆောင် ခန်ဂိုကွန်ယတ်နဲ့အဖွဲ့ကိုတွေ့ရစဉ်(GETTY IMAGES)

 

ထို့နောက် ဆူမီအား ၎င်း၏လုပ်ပိုင်ခွင့်၊ တာဝန်များအားလုံးမှ ဖယ်ရှားကြောင်း ၊ ၎င်းသည် GPRN/NSCN-K တို့၏ အစိတ်အပိုင်း မဟုတ်တော့ကြောင်း၊ အဖွဲ့အစည်း အနေဖြင့် ယခုအချိန်မှ စတင်ကာ ၎င်း၏ လုပ်ဆောင်မှုများကို လုံးဝ တာဝန်ယူမည် မဟုတ်ကြောင်း ကွန်ယတ်၏ အသိပေးစာတွင် ဖော်ပြထားသည်။

ဆူမီသည် နာဂလန်းအမျိုးသားနိုင်ငံရေးအုပ်စုများ (NNPGs) မှ NSCN-K (Khango) ကို ကိုယ်စားပြုကာ ယင်း၏ လုပ်ငန်းကော်မတီမှ ပူးတွဲဖိတ်ခေါ်သူတစ်ဦးလည်း ဖြစ်သည်။

ခန်ဂိုကွန်ယတ်သည် မြန်မာနိုင်ငံတွင် အခြေစိုက်၍ အိန္ဒိယကိုတော်လှန်နေသည့် နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်(NSCN-K)မှ ဖြစ်သည်။

ဦးကပ္ပလန် ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် ကွယ်လွန်သွားခဲ့သည့်အတွက် ခန်ဂိုကွန်ယတ်ကို NSCN-K(Khango) ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြောက်ခဲ့သည်။

ထို့နောက် ခန်ဂိုကွန်ယတ်ကို တာဝန်မကျေမွန်မှုဖြင့် NSCN-K ၏ ဗဟိုဌာနချုပ်တည်ရှိရာ နမ်းယွန်းမြို့နယ်ရှိ တံခါးစခန်းတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ခေါင်းဆောင်ပိုင်း အစည်းအဝေး ပြုလုပ်ပြီး ဥက္ကဋ္ဌ အဖြစ်မှ ထုတ်ပယ်ကာ ဦးယုံးအောင်(Yung Aung)အား ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။

လက်ရှိတွင် ခန်ဂိုကွန်ယတ် ဦးဆောင်သည့် NSCN-K(Khango)သည် အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူထားပြီး အိန္ဒိယဘက်ခြမ်းမှာ နေထိုင်လျက်ရှိသည်။

Source: Northeast News